Homeအထူးသတင်းဆီးရီးယား သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မျက်ကွယ်သေဒဏ်ချ

ဆီးရီးယား သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မျက်ကွယ်သေဒဏ်ချ

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ဆီးရီးယားနိုင်ငံ သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ် နဲ့ သူ့ညီ မာဟာ အယ်လ်အာဆတ် တို့ကို ၁၄ နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဒမတ်စကတ်မြို့က တရားရုံးတစ်ရုံးက ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ မျက်ကွယ်သေဒဏ် ချမှတ်လိုက်ပါတယ်။

အမှုကို ဒမတ်စကတ်မြို့က စတုတ္ထမြောက် ရာဇဝတ်တရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပြီး အာဆတ်မိသားစုရဲ့ ဆယ်စုနှစ်ငါးခုကြာ အာဏာစိုးမိုးမှု ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ အဆုံးသတ်ပြီးနောက် ဘာရှား အယ်လ်အာဆတ် ဒါမှမဟုတ် သူ့အနီးကပ်အဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

တရားသူကြီး ဖာခါရက်ဒင်း အယ်လ်အာရ်ယန် က ဘာရှား အယ်လ်အာဆတ်ဟာ နိုင်ငံပိုင်အဖွဲ့အစည်းတွေကို အသုံးပြုပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားရုံးမှာ ပြောခဲ့ပါတယ်။ အဲဒီတရားရုံးကြားနာမှုကို ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

အမှုတစ်ခုတည်းမှာပဲ အာဆတ်ရဲ့ မိခင်ဘက်က ဝမ်းကွဲဖြစ်သူ အာတက်ဖ် နာဂျစ်ဘ် ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။ နာဂျစ်ဘ်ဟာ ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားတောင်ပိုင်း ဒါရာပြည်နယ်က နိုင်ငံရေးလုံခြုံရေးဌာနကို ဦးစီးခဲ့သူဖြစ်ပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုစတင်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုမှာ တာဝန်ရှိတယ်လို့ တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဒါရာမြို့က ကျောင်းနံရံပေါ် အစိုးရဆန့်ကျင်ရေးစာသား ရေးသားခဲ့တဲ့ ဆယ်ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာက လူထုဆန္ဒပြမှုတွေ ကြီးထွားလာစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေကို အာဆတ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် ၁၄ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားလာကာ လူပေါင်း ၅ သိန်းခန့် သေဆုံးခဲ့ပါတယ်။

ဘာရှား အယ်လ်အာဆတ်နဲ့ မာဟာ အယ်လ်အာဆတ်တို့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ အာဆတ်အစိုးရ ပြိုလဲသွားပြီးနောက် ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိထားပါတယ်။ ဆီးရီးယားအာဏာပိုင်အသစ်တွေကတော့ သူတို့နှစ်ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရကို တောင်းဆိုထားပါတယ်။

မာဟာ အယ်လ်အာဆတ်ဟာ အရင်က ဆီးရီးယားစစ်တပ်ရဲ့ အမှတ် ၄ သံချပ်ကာတပ်မကို ဦးစီးခဲ့သူဖြစ်ပြီး လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ငွေညှစ်မှု၊ မူးယစ်ဆေးကုန်ကူးမှုနဲ့ ကိုယ်ပိုင်ထိန်းသိမ်းရေးစခန်းတွေ ဖွင့်လှစ်ထားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဆီးရီးယားအတိုက်အခံ လှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။

အာဆတ်ညီအစ်ကိုနှစ်ဦးဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် ဒီသေဒဏ်ချမှတ်မှုကို ချက်ချင်းအကောင်အထည်ဖော်နိုင်မှာ မဟုတ်သေးဘဲ၊ သူတို့ကို ဆီးရီးယားဘက် လွှဲပြောင်းပေး၊ မပေးဆိုတာက အဓိကအချက်တစ်ခု ဖြစ်လာမှာပါ။

Related News

Most Read