ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
မန္တလေးတိုင်းအတွင်း ဆည်တော်ကြီးဆည်ရဲ့ ကန်ရေပြည့်အမှတ်ကို ၁ ပေခွဲခန့်သာ လိုတော့တာကြောင့် ဩဂုတ် ၃ ရက် ည ၈ နာရီကစပြီး ရေတံခါးတွေ ဖွင့်ချထားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းကော်မတီက သတိပေးထုတ်ပြန်ပါတယ်။
တံငါတံတားမှာ လက်ရှိရေအမှတ် ၉၅ ဒသမ ၆ ပေအထိ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကာ နောက်ထပ် ၃ ပေခန့် မြင့်တက်လာရင် ကားလမ်းရေကျော်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကျေးရွာတွေနဲ့ ကပ်လျက်ရှိတဲ့ ချောင်းဘောင်တွေကို ရေကျော်ပြီး ကျေးရွာတွေထဲ စတင်ဝင်ရောက်နေပြီဖြစ်တာကြောင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင်နဲ့ အင်းသကားကျေးရွာတွေက ဒေသခံတွေကို ကုန်းမြင့်ပိုင်းနဲ့ လုံခြုံတဲ့နေရာတွေဆီ အမြန်ဆုံး အရေးပေါ်ပြောင်းရွှေ့နေထိုင်ဖို့ သတိပေးထားပါတယ်။
အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်လာရင် အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို စုဖွဲ့ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းကော်မတီက အသိပေးထားပါတယ်။
ဒေသခံတွေအနေနဲ့ ရေစီးပြင်းတဲ့ နေရာတွေကို ဖြတ်သန်းတာ၊ မြစ်ချောင်းနဲ့ ရေတံခါးအနီး သွားရောက်တာတွေ ရှောင်ရှားပြီး သက်ဆိုင်ရာအဖွဲ့တွေရဲ့ သတိပေးချက်တွေကို အနီးကပ်လိုက်နာဖို့ လိုအပ်ပါတယ်။

