Homeပြည်တွင်းသတင်းအင်းစိန်မှာ ကလေးသူငယ်တွေကို ဆေးတိုက်ပြီး အသိစိတ်မဲ့ချိန်မှာ လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုရိုက်ကူးရောင်းချခဲ့သူကို အလုပ်နဲ့ထောင်ဒဏ်ချမှတ်

အင်းစိန်မှာ ကလေးသူငယ်တွေကို ဆေးတိုက်ပြီး အသိစိတ်မဲ့ချိန်မှာ လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုရိုက်ကူးရောင်းချခဲ့သူကို အလုပ်နဲ့ထောင်ဒဏ်ချမှတ်

ဇူလိုင် ၃၀ | New Day Myanmar

ကလေးသူငယ်တွေကို ဆေးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်မှာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုတွေ ပြုလုပ်ခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး Telegram မှတဆင့် ငွေကြေးအကျိုးအမြတ်ရယူ ရောင်းချခဲ့သူတစ်ဦးကို လူကုန်ကူးမှုနဲ့ အလုပ်နဲ့ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးဟာ ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူတက်ဖူးတဲ့ သူငယ်ချင်းဖြစ်သူကို တွေ့ရှိခဲ့ပြီး အဆိုပါသူငယ်ချင်းနဲ့အတူလာတဲ့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ မျိုးမင်းထွန်း (ခ) ဖိုးသားက နေအိမ်ကို အလည်လိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ ညီဖြစ်သူကိုပါ အတူခေါ်ပြီး လိုက်ပါသွားခဲ့ရာ မျိုးမင်းထွန်း (ခ) ဖိုးသားရဲ့ နေအိမ်ရောက်ချိန်မှာ အားဆေးသောက်ရမယ်ဆိုပြီး ၎င်းသောက်သုံးနေတဲ့ စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနဲ့ ဆန်ချိုအရက်ကို အချိုရည်ဟု ပြောဆိုကာ လိမ်လည်တိုက်ကျွေးခဲ့တယ်လို့ စိစစ်တွေ့ရှိထားပါတယ်။

အဲဒီနောက် ကလေးတွေ အသိစိတ်ကင်းမဲ့နေချိန်မှာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုတွေ ပြုလုပ်ပြီး ဗီဒီယိုဖိုင်များ ရိုက်ကူးခဲ့ကာ Telegram အကောင့်ဖွင့်ပြီး Member ဝင်များထံမှ အခကြေးငွေရယူ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ကလေးတွေဟာ မျိုးမင်းထွန်း (ခ) ဖိုးသားရဲ့ အိမ်ကို ကျောင်းပိတ်ရက်တွေမှာ သွားရောက်ညအိပ်ခဲ့ဖူးပြီး ရက်ပေါင်း ၂၀ ခန့် ညအိပ်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်တိုင်းမှာလည်း အလားတူ လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်းမှာ (ပ) ၁၆၉/၂၀၂၆ နဲ့ (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့နဲ့ အမှုဖွင့်တရားစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၂၇ ရက်မှာ အင်းစိန်ခရိုင်တရားရုံးက တရားခံ မျိုးမင်းထွန်း (ခ) ဖိုးသားကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Related News

Most Read