၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်လူသတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားလေးဦးနဲ့ အမျိုးသမီးတဦးကို ပြင်ဦးလွင်ခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ဇူလိုင် ၂၃ ရက်ထုတ် နေပြည်တော်အစိုးရရဲ့ သတင်းစာမှာ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ အမျိုးသားနှစ်ဦးက ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ အောင်စံပယ်ရွှေဆိုင်ကို သေနတ်နဲ့ဝင်ရောက်ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တာပါ။
ဓားပြတိုက်သူတွေက ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။ သူတို့ ထွက်ပြေးချိန်မှာ အနီးဝန်းကျင်ရှိ ပြည်သူတွေက တဦးကို ဝိုင်းဝန်းဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
နောက်ပိုင်း စုံစမ်းဖော်ထုတ်မှုအတွင်း ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ လေးဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ပြင်ဦးလွင်ခရိုင်တရားရုံးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ ရာဇဝတ်ကြီးမှုအမှတ် ၁၄၂/၂၀၂၅ နဲ့ အမှုလက်ခံစစ်ဆေးခဲ့ပါတယ်။
တရားရုံးက အောင်မျိုးနိုင် ခေါ် အိစိ၊ မျိုးလင်းထွန်း ခေါ် မျိုးကြီး ခေါ် သားငယ်၊ စိုင်းကြည်သူ ခေါ် ဖက်တီး၊ စန္ဒာဦးနဲ့ အောင်ကိုသက် ခေါ် ကျင်ဝှက် ခေါ် ရာဇာတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ ဇူလိုင် ၁၆ ရက်မှာ သေဒဏ်ချမှတ်ခဲ့တာပါ။
ရာဇသတ်ကြီးပုဒ်မ ၃၉၆ ဟာ ဓားပြတိုက်စဉ် လူသတ်မှုကျူးလွန်တဲ့ပြစ်မှုဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ ပြင်ဦးလွင်ခရိုင်တရားရုံးကတော့ ဒီအမှုမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။


