Homeပြည်တွင်းသတင်းလုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုနေတဲ့ Spring Mon Garment လုပ်သားတွေ ၁၅ ရက်မြောက်အထိ ပြေလည်မှုမရသေး

လုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုနေတဲ့ Spring Mon Garment လုပ်သားတွေ ၁၅ ရက်မြောက်အထိ ပြေလည်မှုမရသေး

၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) မှာရှိတဲ့ Spring Mon Garment Manufacturing Co., Ltd အထည်ချုပ်စက်ရုံက အလုပ်သမား ၁၇၇ ဦးဟာ လုပ်ခလစာတိုးမြှင့်ပေးရေးနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ခံစားခွင့်တွေရရှိရေးအတွက် ဇူလိုင် ၈ ရက်ကစပြီး စုပေါင်းတောင်းဆိုနေကြတာပါ။ ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ ၁၅ ရက်မြောက်ရှိလာပေမယ့် ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။

အလုပ်သမားတွေက လက်ရှိတရက်လုပ်ခ ကျပ် ၁၀,၀၀၀ ကို ကျပ် ၁၃,၀၀၀ အထိ တိုးမြှင့်ပေးဖို့၊ အချိန်ပိုကြေး (OT) ကို ကျပ် ၂,၅၀၀ သတ်မှတ်ပေးဖို့နဲ့ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့ကြေး၊ ခွင့်ခံစားခွင့်နဲ့ လုပ်သက်ဆုကြေးဆိုင်ရာ အခွင့်အရေးတွေကိုလည်း တောင်းဆိုထားပါတယ်။

ညှိနှိုင်းမှုတွေအတွင်း အလုပ်ရှင်ဘက်က တရက်လုပ်ခကို ကျပ် ၁၁,၀၀၀ နဲ့ OT ကြေးကို ကျပ် ၂,၂၀၀ အထိသာ တိုးပေးဖို့ သဘောတူထားပါတယ်။ ကျန်တောင်းဆိုချက်တွေ မပြေလည်သေးတာကြောင့် အလုပ်သမားတွေက ဆက်လက်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ တနင်္ဂနွေနေ့ကြေး၊ ခွင့်ခံစားခွင့်နဲ့ လုပ်သက်ဆုကြေးဆိုင်ရာ အချက်တချို့ဟာ သက်ဆိုင်ရာအလုပ်သမားဥပဒေအရ အလုပ်ရှင်ဘက်က လိုက်နာပေးရမယ့် အခွင့်အရေးတွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ တိုင်းဒေသကြီးအလုပ်သမားညှိနှိုင်းရေးရုံးမှာ ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းဖို့ ချိန်းဆိုထားပါတယ်။ အခုတကြိမ်ဟာ နှစ်ဖက်ကြား စုစုပေါင်း ကိုးကြိမ်မြောက်ညှိနှိုင်းမှုဖြစ်ပြီး အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုကလည်း ၁၅ ရက်မြောက် ရှိလာတာဖြစ်ပါတယ်။

Related News

Most Read