Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူတသိန်းနီးပါး ထိခိုက်

ရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူတသိန်းနီးပါး ထိခိုက်

၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် လူဦးရေ ၉၈,၂၈၂ ဦး ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေဘေးဒဏ်သင့်သူတွေဟာ အိမ်ထောင်စု ၂၂,၁၉၅ စုကဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရပ်ကွက် ၁၈ ခုနဲ့ ကျေးရွာ ၂၀၁ ရွာအထိ ရေကြီးမှုဖြစ်ပွားခဲ့တယ်လို့ OCHA ရဲ့ ပထမဆုံးအခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေဘေးထိခိုက်မှု အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်အများစုမှာ ရေပြန်ကျသွားပြီဖြစ်ပြီး ယာယီတိမ်းရှောင်ခဲ့ရသူတွေ နေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နေအိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ ရေအရင်းအမြစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုကို ဆက်လက်စိစစ်နေဆဲဖြစ်ပါတယ်။

ရေဘေးသင့်ဒေသတွေမှာ သန့်ရှင်းတဲ့သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ တကိုယ်ရေသန့်ရှင်းရေးပစ္စည်း၊ အခြေခံအိမ်သုံးပစ္စည်းနဲ့ အမိုးအကာအကူအညီတွေ လိုအပ်နေပါတယ်။ ရေပြန်ကျသွားတဲ့ဒေသတွေမှာလည်း ရေမှတဆင့်ကူးစက်တဲ့ရောဂါတွေနဲ့ ခြင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ရခိုင်ပြည်နယ်ဟာ တိုက်ပွဲတွေနဲ့ သွားလာရေးကန့်သတ်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဆိုးရွားနေပြီးသားဒေသဖြစ်တာကြောင့် အခုရေကြီးမှုက ဒေသခံတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်းအခြေအနေကို ထပ်မံထိခိုက်စေနိုင်ပါတယ်။

OCHA ရဲ့ အခုထုတ်ပြန်ချက်ဟာ ဇူလိုင် ၂၀ ရက်အထိ ရရှိထားတဲ့ ကနဦးအချက်အလက်တွေပေါ် အခြေခံထားတာဖြစ်လို့ ထိခိုက်သူနဲ့ ပျက်စီးဆုံးရှုံးမှုအရေအတွက် ထပ်မံပြောင်းလဲနိုင်ပါတယ်။

Related News

Most Read