၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်က ဘုန်းကြီးကျောင်းတကျောင်းမှာ အလှူခံပုံးဖောက်ပြီး ဘတ် ၁၀,၀၀၀ ကျော် ခိုးယူခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နာဝင် ချွင်ချော့ဘ်ဆိုသူကို ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီမှာ စမွတ်ပရာကန်ခရိုင်၊ ဖရာပရာဒဲင်မြို့နယ်က နေအိမ်တလုံးမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်ချိန် အသုံးပြုခဲ့တဲ့ ဆိုင်ကယ်၊ အဝတ်အစားနဲ့ အဆောင်လက်ဖွဲ့လေးခုကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
ဇူလိုင် ၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဖရာစမွတ်စေဒီမြို့နယ်က ဝတ်မိုင်ဘန်ပလာကော့ ဘုန်းကြီးကျောင်းအတွင်းရှိ အလှူခံပုံး ဖောက်ထွင်းခံရကြောင်း ကျောင်းတာဝန်ရှိသူက ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။
ကျူးလွန်သူဟာ အလှူခံပုံးကို ရိုက်ခွဲပြီး ဘတ် ၁၀,၀၀၀ ကျော် ယူဆောင်သွားသလို ပိုင်ရှင်မဲ့ရုပ်အလောင်းတွေအတွက် ခေါင်းဝယ်လှူနိုင်ဖို့ထားတဲ့ အလှူခံသေတ္တာနဲ့ ဘာသာရေးအဆောင်ပစ္စည်းရောင်းချတဲ့ မှန်ဗီရိုကိုလည်း ဖောက်ထွင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းတွေနဲ့ ထွက်ပြေးသွားတဲ့လမ်းကြောင်းကို စစ်ဆေးပြီး သံသယရှိသူရဲ့ နေအိမ်ကို ခြေရာခံကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူက ဘုန်းကြီးကျောင်းအနီးကို ဆိုင်ကယ်နဲ့ တဦးတည်းလာရောက်ပြီး လူမရှိတဲ့အချိန်မှာ ပြတင်းပေါက်ကနေ ဖောက်ဝင်ကာ အလှူခံပုံးအတွင်းရှိ ငွေစက္ကူနဲ့ အကြွေစေ့တွေကို ယူခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။
ဘာသာရေးအဆောင်ပစ္စည်း အခု ၂၀ ကျော်ကိုလည်း ခိုးယူခဲ့ပြီး ဘန်ကောက်မြို့က ဈေးတန်းတခုမှာ ဘတ် ၃၀၀ နဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ အလှူခံပုံးကရရှိတဲ့ငွေတွေကို ကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကစားကြွေးဆပ်ဖို့၊ အွန်လိုင်းလောင်းကစားလုပ်ဖို့၊ နေ့စဉ်အသုံးစရိတ်နဲ့ ဖုန်းဝယ်ယူဖို့ အသုံးပြုခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
သူဟာ အွန်လိုင်းကနေ ဘောလုံး၊ လက်ဝှေ့နဲ့ စလော့ဂိမ်းတွေ လောင်းကစားလေ့ရှိပြီး လက်ရှိမှာ အလုပ်အကိုင်မရှိဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ ၇ ရက်က ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ကလွတ်လာသူဖြစ်သလို အရင်ကလည်း ခိုးမှုနဲ့ ခုနစ်ကြိမ်ကနေ ရှစ်ကြိမ်အထိ ဖမ်းဆီးခံခဲ့ရဖူးတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။
ရဲတပ်ဖွဲ့က ဘာသာရေးအဆောက်အအုံအတွင်း ယာဉ်အသုံးပြုပြီး ခိုးမှုကျူးလွန်တဲ့ စွဲချက်နဲ့ အမှုဖွင့်ကာ ဆက်လက်အရေးယူဖို့ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းထားပါတယ်။


