Homeအထူးသတင်းထိုင်းတွင် နိုင်ငံခြားသားပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ် အတည်ပြု၊ ပြည်နှင်နိုင်သည့် အကြောင်းရင်း ၆ ချက် သတ်မှတ်

ထိုင်းတွင် နိုင်ငံခြားသားပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ် အတည်ပြု၊ ပြည်နှင်နိုင်သည့် အကြောင်းရင်း ၆ ချက် သတ်မှတ်

၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းအစိုးရအဖွဲ့ဟာ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ်ကို တရားဝင်သတ်မှတ်ပေးမယ့် စည်းမျဉ်းအသစ်ကို အတည်ပြုလိုက်ပြီး ပြည်နှင်နိုင်တဲ့ အကြောင်းရင်း ၆ ချက်ကိုလည်း သတ်မှတ်လိုက်တယ်လို့ ထိုင်းအစိုးရနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စည်းမျဉ်းသစ်အရ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်တာ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်တာ၊ နိုင်ငံခြားစီးပွားရေးဥပဒေကို ချိုးဖောက်ပြီး စီးပွားရေးလုပ်တာ၊ အစိုးရစာရွက်စာတမ်းအတု ပြုလုပ်တာ သို့မဟုတ် အသုံးပြုတာ၊ ထောင်ဒဏ် ၃ နှစ်နဲ့အထက် ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုကျူးလွန်တာနဲ့ အဲဒီပြစ်မှုတွေကို ဦးဆောင်တာ၊ လှုံ့ဆော်တာ ဒါမှမဟုတ် ကူညီပံ့ပိုးတာတို့ကို ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက လက်ရှိမှာ ပြည်နှင်ဒဏ်ပေးရေးအတွက် တစ်နိုင်ငံလုံး အကျုံးဝင်တဲ့ စီမံခန့်ခွဲရေးစည်းမျဉ်း မရှိသေးတာကြောင့် အမှုတစ်ခုချင်းစီမှာ ဌာနဆိုင်ရာတွေကြား ညှိနှိုင်းဆောင်ရွက်နေရပြီး အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ စည်းမျဉ်းသစ်ဟာ ပြည်နှင်ရေးလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

စည်းမျဉ်းမူကြမ်းအရ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ နိုင်ငံခြားသားအကျဉ်းသားတွေ လွတ်မြောက်ခါနီးမှာ ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အမှုမှတ်တမ်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့ရမှာဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးက ပြည်နှင်အမိန့်ကို အမြန်ဆုံး ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားပါတယ်။

နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်သူတွေကို နောက်ဆုံးနေထိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ နိုင်ငံကို ပြန်ပို့နိုင်သလို၊ သက်ဆိုင်ရာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက သဘောတူပြီး ကုန်ကျစရိတ်ကို တာဝန်ယူမယ်ဆိုရင် တတိယနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းထံကိုလည်း လွှဲပြောင်းနိုင်တယ်လို့ စည်းမျဉ်းမူကြမ်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့အတွက် အခုစည်းမျဉ်းသစ်ဟာ ဥပဒေချိုးဖောက်မှုနဲ့ တရားမဝင်နေထိုင်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေမှာ သက်ရောက်မှုရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Related News

Most Read