၂၁ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာ YBS လိုင်းကားစီးရင်း အိပ်ပျော်သွားပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း ဂိတ်ဆုံးကနေ ပြန်လာစဉ် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ကိုအောင်သက်ဝင်းကို ပြန်လည်တွေ့ရှိပြီလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ကိုအောင်သက်ဝင်း ပျောက်ဆုံးနေကြောင်း New Day Myanmar က ဖော်ပြခဲ့တဲ့ သတင်းအောက်မှာ ရပ်ကွက်နေပြည်သူတစ်ဦးက “ကျမတို့ရပ်ကွက်ကပါရှင် အခုပြန်တွေ့ပါပြီ” လို့ မှတ်ချက်ရေးသားထားတာ ဖြစ်ပါတယ်။
နောက်ထပ် ဒေသခံ တဦးကလည်း ပြန်လည်တွေ့ရှိကြောင်း အတည်ပြုပေမယ့် လုံခြုံရေးအရ တခြားမေးခွန်းတွေကိုတော့ ဖြေကြားတာမရှိခဲ့ပါဘူး။
ဒါပေမဲ့ ကိုအောင်သက်ဝင်းကို ဘယ်အချိန်၊ ဘယ်နေရာနဲ့ ဘယ်လိုအခြေအနေမှာ ပြန်လည်တွေ့ရှိခဲ့တယ်ဆိုတာကိုတော့ New Day Myanmar အနေနဲ့ မိသားစုဝင်တွေဆီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကိုအောင်သက်ဝင်းဟာ ဇွန်လ ၁၆ ရက် ညပိုင်းမှာ YBS အမှတ် ၈၇ လိုင်းကားကို စီးနင်းခဲ့စဉ် ကားပေါ်မှာ အိပ်ပျော်သွားပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဂိတ်ဆုံးအထိ ပါသွားခဲ့တာ ဖြစ်ပါတယ်။
လိုင်းကားတွေ မရှိတော့တာကြောင့် ဂိတ်ဆုံးကနေ လမ်းလျှောက်ထွက်လာရင်း မိသားစုဝင်တွေကို လာရောက်ခေါ်ဆောင်ပေးဖို့ ဖုန်းဆက်ခဲ့တယ်လို့ မိသားစုက ပြောထားပါတယ်။
မိသားစုဝင်တွေက သွားရောက်ခေါ်ဆောင်ဖို့ ပြင်ဆင်ပြီး ည ၉ နာရီ ၂၅ မိနစ်ခန့်မှာ ကိုအောင်သက်ဝင်းရဲ့ ဖုန်းကို ပြန်ခေါ်ခဲ့ပေမယ့် ဖုန်းပိတ်သွားခဲ့ပြီးနောက် အဆက်အသွယ်မရတော့တာ ဖြစ်ပါတယ်။
အဲဒီနောက် မိသားစုဝင်တွေက ကိုအောင်သက်ဝင်းကို တွေ့ရှိသူ ဒါမှမဟုတ် သတင်းအချက်အလက်ရရှိသူတွေအနေနဲ့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံခဲ့ကြပါတယ်။
ကိုအောင်သက်ဝင်း ပြန်လည်တွေ့ရှိမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကို မိသားစုဘက်က အတည်ပြုလာပါက New Day Myanmar က ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


