၂၀ ဇွန် ၂၀၂၆ | New Day Myanmar
အစ္စရေးနဲ့ အီရန်ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်ပြီး နာရီပိုင်းအကြာမှာ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်အစိုးရပိုင်မီဒီယာက ဖော်ပြပါတယ်။
လက်ဘနွန်အစိုးရပိုင် NNA သတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စရေးတိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေဟာ ဇွန်လ ၁၉ ရက် ညပိုင်းကနေ ဇွန်လ ၂၀ ရက် မနက်ပိုင်းအထိ နာဘာတီယာဒေသတစ်ဝန်းကို ဆက်တိုက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် လူနေအဆောက်အအုံတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ NNA က ဆိုပါတယ်။
ဒါ့အပြင် မိုးမလင်းခင်မှာ အစ္စရေးအမြောက်တပ်က နာဘာတီယာမြို့နဲ့ အနီးဝန်းကျင်ဒေသတွေကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီးနောက် နှစ်ဖက်ဟာ ဇွန်လ ၁၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးနဲ့ ဟစ်ဇ်ဘိုလာဘက်က သတင်းရင်းမြစ်နှစ်ဦးကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း Reuters ကို အတည်ပြုထားပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ဇွန်လ ၁၉ ရက် လက်ဘနွန်စံတော်ချိန် ညနေ ၄ နာရီ၊ ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁ နာရီမှာ စတင်သက်ဝင်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်မှာပဲ အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တာကြောင့် သဘောတူညီချက်ရဲ့ တည်တံ့မှုအပေါ် မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။
အစ္စရေးဘက်က အခုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ချက်ချင်းရှင်းလင်းတုံ့ပြန်ထားတာ မရှိသေးပါဘူး။


