၁၅ ဇွန် ၂၀၂၆ | New Day Myanmar
ဖင်လန်နိုင်ငံမှာ ပညာသင်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြန်မာလူငယ် ရာနဲ့ချီက ယူရိုထောင်ပေါင်းများစွာ ပေးချေခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိမ်လည်မှုသံသယရှိတယ်ဆိုကာ ဖင်လန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပါတယ်။
ဘီဘီစီ သတင်းရဲ့ဖော်ပြချက်အရ မြန်မာကျောင်းသား ၃၅၀ ဝန်းကျင်ဟာ ဖင်လန်ဘာသာစကားသင်တန်း၊ အသက်မွေးဝမ်းကျောင်းကျောင်း တက်ရောက်ခွင့်နဲ့ နေထိုင်ခွင့်လက်မှတ် လျှောက်ထားရာမှာ ကူညီပေးမယ်ဆိုတဲ့ အေဂျင်စီတစ်ခုကတဆင့် စုဆောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကျောင်းသားအများစုဟာ ယူရို ၁၀,၀၀၀ ဝန်းကျင်အထိ ပေးချေခဲ့ရပြီး အဲဒီငွေတွေကို မိသားစုစုဆောင်းငွေ၊ ချေးငွေ ဒါမှမဟုတ် မြေယာရောင်းချပြီး ရှာဖွေပေးခဲ့ရတာလို့ သိရပါတယ်။
ဒါပေမဲ့ ကျောင်းသားတချို့ရဲ့ ဖင်လန်နေထိုင်ခွင့်လက်မှတ် လျှောက်ထားမှုတွေ ပယ်ချခံခဲ့ရပြီး ပေးချေထားတဲ့ ငွေတွေကိုလည်း ပြန်မရခဲ့ကြဘူးလို့ ဘီဘီစီ က ဖော်ပြထားပါတယ်။
ဖင်လန် နယ်ခြားစောင့်တပ်ကတော့ ပညာသင်ခွင့်၊ နေထိုင်ခွင့်လက်မှတ်နဲ့ ဘာသာစကားစာမေးပွဲတွေ စီစဉ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတချို့ဆီက ငွေကြေးအလွန်အကျွံ ကောက်ခံခဲ့တယ်လို့ သံသယရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ အေဂျင်စီတည်ထောင်သူ မင်းမင်းစိုးရွှေကိုလည်း ဖင်လန်နိုင်ငံမှာ ဖမ်းဆီးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
BBC က မနော်ဖောဆိုတဲ့ အမည်လွှဲနဲ့ ဖော်ပြထားတဲ့ ကျောင်းသူတစ်ဦးကတော့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေရချိန်မှာ ဖင်လန်သွားရောက်ပညာသင်နိုင်ဖို့ မိသားစုက တစ်နှစ်နီးပါး ငွေရှာပေးခဲ့ရတယ်လို့ ပြောပါတယ်။
“သူငယ်ချင်းတွေနဲ့အတူ သွားရမှာဆိုတော့ အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်” လို့ သူက BBC ကို ပြောပါတယ်။
ဒါပေမဲ့ နေထိုင်ခွင့်လက်မှတ် ပယ်ချခံခဲ့ရပြီးနောက် ဖင်လန်မှာ ဘဝသစ်စတင်မယ်ဆိုတဲ့ အိပ်မက်ဟာ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖင်လန် စုံစမ်းစစ်ဆေးရေးအရာရှိ Juho Sillanpää ကလည်း အကြွေးတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းသားတချို့ဟာ လက်ရှိအချိန်မှာ ငွေကြေးဆိုင်ရာ ထပ်မံအမြတ်ထုတ်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ပြောထားပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ လူငယ်တွေရဲ့ အနာဂတ် အကြီးအကျယ် ထိခိုက်နေချိန်မှာ ပြည်ပပညာရေးနဲ့ နိုင်ငံရပ်ခြားနေထိုင်ခွင့် အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ မြန်မာလူငယ်တွေ များပြားလာတာကိုလည်း ထင်ဟပ်နေပါတယ်။
လာမယ့် ဩဂုတ်လကစပြီး အသက်ဝင်မယ့် ဖင်လန်ဥပဒေအသစ်အရ နိုင်ငံတကာကျောင်းသားတွေဟာ စုဆောင်းရေးအေဂျင်စီတွေကို မဖြတ်သန်းဘဲ အသက်မွေးဝမ်းကျောင်းကျောင်းတွေကို တိုက်ရိုက် လျှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။


