Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူး ဆက်မယူတော့ဘူးလို့ ခရိုနီဦးဇော်ဇော်ပြော ၊ ဆက်လက် ယှဉ်ပြိုင်ခွင့်လည်းမရှိတော့

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူး ဆက်မယူတော့ဘူးလို့ ခရိုနီဦးဇော်ဇော်ပြော ၊ ဆက်လက် ယှဉ်ပြိုင်ခွင့်လည်းမရှိတော့

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရှိသက်တမ်း ကုန်ဆုံးပြီးနောက် MFF ဥက္ကဋ္ဌရာထူးကို ဆက်လက်တာဝန်ယူခွင့် မရှိတော့တာကြောင့် ထွက်ခွာရတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

ခရိုနီ ဦးဇော်ဇော်က ၂၀၂၇ ခုနှစ် ဇူလိုင်လအတွင်း MFF ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်ရေးအတွက် အမှုဆောင်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ Official Partnership Signing Ceremony မှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ခရိုနီ ဦးဇော်ဇော်ဟာ MFF ဥက္ကဋ္ဌရာထူးကို ၂၀၀၅ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့သူဖြစ်ပြီး FIFA ရဲ့ စည်းမျဉ်းတွေအရ သက်တမ်း သုံးကြိမ်အထိသာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရှိတာကြောင့် လက်ရှိသက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်တာဝန်ယူနိုင်တော့မှာ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း FIFA ဟာ စစ်အုပ်စုခရိုနီနဲ့ Max Myanmar ပိုင်ရှင် ဦးဇော်ဇော်ကို ၎င်းတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ကာလရှည်ကြာ ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် ထုတ်လွှင့်ခွင့်ကို စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ Mytel ကုမ္ပဏီက ရရှိခဲ့တာကြောင့် FIFA အပေါ် ဝေဖန်မှုတွေ ထပ်မံထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Justice For Myanmar (JFM) ကတော့ FIFA ဟာ ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို လျစ်လျူရှုနေပြီး စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ထားပါတယ်။

ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်တပ်ကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်မှာ ခရိုနီးဦးဇော်ဇော်နဲ့ Max Myanmar ရဲ့ တာဝန်ရှိသူတွေကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးသင့်တယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။

JFM ကတော့ FIFA အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ ခရိုနီလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆက်ဆံနေတာတွေကို ရပ်တန့်ပြီး ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး