Homeပြည်တွင်းသတင်းFIFA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta ဖယ်ရှား

FIFA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta ဖယ်ရှား

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က Mytel ပိုင် TV360 Facebook စာမျက်နှာကို ဇွန်လ ၁၃ ရက်မှာ ဖယ်ရှားလိုက်ပါတယ်။ အဲဒီစာမျက်နှာကို Mytel က ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသမှုတွေကို ကြော်ငြာဖို့ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

Mytel ဟာ စစ်အုပ်စုရဲ့ အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို FIFA ဆီက ရရှိထားတာ ဖြစ်ပါတယ်။

Justice For Myanmar (JFM) ကတော့ အဲဒီလုပ်ဆောင်ချက်ဟာ FIFA ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဆိုးဆိုးရွားရွား လျစ်လျူရှုထားတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

JFM က Meta ရဲ့ “မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပလက်ဖောင်းပေါ်မှာ အသုံးပြုခွင့်မပေးတဲ့ မူဝါဒ” ကို ကိုးကားပြီး TV360 Facebook စာမျက်နှာကို ဖယ်ရှားပေးဖို့ သောကြာနေ့အစောပိုင်းမှာ တိုင်ကြားခဲ့ပြီးနောက် Meta က အဆိုပါစာမျက်နှာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

JFM ရဲ့ ထုတ်ပြန်ချက်မှာ FIFA ဟာ ကမ္ဘာ့ဖလားလို ကမ္ဘာ့အကြီးဆုံး အားကစားပြိုင်ပွဲကို ကျင်းပနေတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ မရှိဘဲ စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုကို ထုတ်လွှင့်ခွင့်ပေးလိုက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဖော်ပြထားပါတယ်။

JFM က အခုလိုလုပ်ဆောင်တာဟာ အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတဲ့ စစ်အုပ်စုကို FIFA က ပုံရိပ်ကောင်းအောင် ပြုလုပ်ပေးနေသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် FIFA ဟာ စစ်တပ်ထောက်တိုင် ခရိုနီတစ်ဦးဖြစ်တဲ့ Max Myanmar ပိုင်ရှင် ဦးဇော်ဇော်ကို လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် အခုလို Mytel နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ ထပ်မံပေါ်ပေါက်လာတာဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။

Mytel ဟာ MEC က ပူးတွဲပိုင်ဆိုင်ပြီး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ လုပ်ငန်းဖြစ်သလို စစ်အုပ်စုအတွက် အဓိကဝင်ငွေရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေမှာပါ ပါဝင်ကူညီနေတာကြောင့် စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးကူညီရာ ရောက်နေတယ်လို့ JFM က ဆိုပါတယ်။

အဲဒီအတွက် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်ချက်တွေနဲ့ အရေးယူထားသလို MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက ပိတ်ဆို့အရေးယူထားပြီး ဖြစ်ပါတယ်။

JFM ရဲ့ လေ့လာချက်တွေအရ Mytel စတင်လည်ပတ်တဲ့ ၅ နှစ်ကနေ ၉ နှစ်အတွင်း စစ်အုပ်စုရဲ့ ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရှိနိုင်ပြီး နောက်ထပ် ၅ နှစ်အတွင်းမှာလည်း ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

JFM ကတော့ FIFA အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ စစ်တပ်ထောက်တိုင် ခရိုနီလုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ ဆက်ဆံရေးတွေကို ချက်ချင်းရပ်တန့်ပြီး သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး