၁၂ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းဘုရင့်နန်းတော် (Bureau of the Royal Household) က ဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ သမီးအကြီးဆုံးဖြစ်သူ မင်းသမီးကြီး ဘက်ဂျရာကီတီယာဘာ နရီန့်ဒီရာဒေဗျာဝတီ (Princess Bajrakitiyabha Narendiradebyavati) ကွယ်လွန်သွားကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်အရ မင်းသမီးကြီးဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က နှလုံးရောဂါကြောင့် လဲကျကာ သတိလစ်သွားခဲ့ပြီးနောက် ထိုင်းကြက်ခြေနီအသင်း လက်အောက်ရှိ King Chulalongkorn Memorial Hospital မှာ ဆက်လက်ဆေးကုသမှု ခံယူနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့ကစပြီး အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ကူးစက်မှု ဖြစ်ပွားခဲ့ကာ သွေးပေါင်ချိန် ကျဆင်းခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်းနဲ့ သွေးခဲမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဘုရင့်နန်းတော်က ဆိုပါတယ်။
ဆရာဝန်အဖွဲ့က အနီးကပ် ပြုစုကုသပေးခဲ့ပေမယ့် ကျန်းမာရေးအခြေအနေ ဆက်တိုက် ဆိုးရွားလာခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်မှာ King Chulalongkorn Memorial Hospital မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ် ရှိပြီဖြစ်ပါတယ်။
မင်းသမီးကြီး ဘက်ဂျရာကီတီယာဘာဟာ ထိုင်းတော်ဝင်မိသားစုရဲ့ ထင်ရှားတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥပဒေရေးရာ၊ သံတမန်ရေးရာနဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အရေးပါစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ ထိုင်းနိုင်ငံရဲ့ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန်တာဝန်တွေမှာလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဘုရင် မဟာဝဇီရာလောင်ကွန်းက မင်းသမီးကြီးရဲ့ ဈာပနအခမ်းအနားကို တော်ဝင်အစဉ်အလာနဲ့အညီ အမြင့်ဆုံး တော်ဝင်ဂုဏ်ပြုမှုတွေနဲ့ ကျင်းပဖို့ အမိန့်ပေးထားပြီး ရုပ်ကလာပ်ကို ဘန်ကောက်မြို့ရှိ Grand Palace အတွင်းက Phiman Rattaya Throne Hall မှာ ထားရှိသွားမယ်လို့ သိရပါတယ်။
မင်းသမီးကြီး ကွယ်လွန်မှုဟာ ထိုင်းပြည်သူတွေနဲ့ တော်ဝင်မိသားစုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်အဖြစ် သတ်မှတ်ခံနေရပြီး နိုင်ငံတစ်ဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်နေကြတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Royal Household Bureau


