၁၁ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ရဲ့ အမြင့်ဆုံးအထပ်တွေထဲက တစ်ခုဖြစ်တဲ့ ၂၉ လွှာပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ အမျိုးသားဟာ သူ့ရဲ့ချစ်သူ အမျိုးသမီးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံစာ ရေးသားထားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၁၀ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချသေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
အဲဒီနောက် တာဝန်ရှိသူတွေက ၂၉ လွှာကို စစ်ဆေးရာမှာ အရေးပေါ်ထွက်ပေါက် တံခါးဘောင်အနီး ဖုန်းနှစ်လုံး၊ ကားမောင်းလိုင်စင်တစ်ခုနဲ့ လက်ရေးစာတစ်စောင်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စာထဲမှာတော့ ကိုယ်တိုင်ကိုယ်ကျ ရေးသားထားတယ်လို့ ယူဆရတဲ့ ဝန်ခံချက်တစ်ခု ပါဝင်နေပြီး ချစ်သူဖြစ်သူကို သတ်ဖြတ်မိခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။
စာထဲမှာ ဖော်ပြထားတဲ့ လိပ်စာအတိုင်း ရဲတပ်ဖွဲ့က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ နဝဒေးအိမ်ရာကို သွားရောက်စစ်ဆေးရာမှာ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ဓားဒဏ်ရာများနဲ့အတူ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှာ စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူ မရှုလင် ဆိုသူဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ အမျိုးသမီး သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ စံပြဆေးရုံ ရင်ခွဲရုံသို့ ပရဟိတလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။


