၇ ဇွန် ၂၀၂၆ | New Day Myanmar
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနဲ့ မြန်မာကုမ္ပဏီတို့အကြား ဇွန်လ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
အဆိုပါ MoU ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံက Inter RAO ကုမ္ပဏီနဲ့ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ကြပြီး စာချွန်လွှာတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပနေတဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ကာလအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အုပ်စုခန့် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဇွန်လ ၄ ရက်နေ့ကလည်း စစ်အုပ်စုရဲ့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Foundation ရဲ့ RC-Investments အဖွဲ့တို့အကြား စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoC) တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆက်စပ်သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ ပါဝင်တဲ့ စီမံကိန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရင်ဆိုင်နေရချိန်မှာ ရုရှားနဲ့ စီးပွားရေး၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။


