Homeပြည်တွင်းသတင်းလှိုင်မြို့နယ်တွင် ပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြီးနှင့် တုန်ခါမှုဖြစ်ပွား၍ ဒေသခံများထိတ်လန့်

လှိုင်မြို့နယ်တွင် ပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြီးနှင့် တုန်ခါမှုဖြစ်ပွား၍ ဒေသခံများထိတ်လန့်

၆ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း ဇွန်လ ၆ ရက် နံနက် ၆ နာရီခွဲခန့်က အသံကျယ်ကြီးတစ်ခု ကြားရပြီး ငလျင်လှုပ်ခတ်သလို တုန်ခါမှုများ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြား ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကို လှိုင်မြို့နယ် ၇၊ ၁၀၊ ၁၃ နဲ့ ၁၆ ရပ်ကွက်တို့မှ ဒေသခံတွေ အဓိက ခံစားသိရှိခဲ့ကြပြီး မြေအောက်ဘက်မှ အင်အားကြီးတစ်ခု ဆွဲချလိုက်သလို ခံစားရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“အသံက အရမ်းကျယ်တယ်။ အိမ်တစ်လုံးလုံး တုန်သွားသလို ခံစားရတယ်။ ငလျင်လှုပ်တာလား၊ တစ်ခုခု ပေါက်ကွဲတာလား မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုတွေကြောင့် မြေကျွံနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ပညာရှင်တွေက ယခင်ကတည်းက သတိပေးထားပါတယ်။

ထို့အပြင် မကြာသေးမီရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ၊ အထပ်မြင့်အဆောက်အဦးတွေ တိုးပွားလာတာနဲ့ အဝီစိတွင်းတူးဖော်မှုတွေ များပြားလာတာကြောင့် မြေကြီးနိမ့်ဆင်းခြင်း သို့မဟုတ် မြေကျွံခြင်းမျိုး ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေကို ဒေသခံတွေကြားမှာ ထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်ထိတော့ ငလျင်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က အဆိုပါ တုန်ခါမှုနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဖြစ်စဉ်အပြီးမှာ တိုက်ခန်းနေထိုင်သူအချို့ဟာ စိုးရိမ်မှုကြောင့် အဆောက်အဦးအောက်ကို အလျင်အမြန် ဆင်းလာကြပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို အပြန်အလှန် မေးမြန်းစုံစမ်းမှုတွေ ရှိခဲ့ပေမယ့် တိကျတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး