၂ ဇွန် ၂၀၂၆ | New Day Myanmar
နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကဗျာဆရာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးနောက် မိသားစုဆန္ဒအရ ရေဝေးသုသာန်မှာ နေ့ချင်းပြီး အကျဉ်းချုံး သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ကဗျာဆရာ သစ္စာနီရဲ့ အသိပေးချက်အရ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ စျာပနအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်က ရေဝေးသုသာန်မှာ ရင်းနှီးတဲ့ မိတ်ဆွေကဗျာဆရာအနည်းငယ်နဲ့အတူ တိတ်ဆိတ်ငြိမ်သက်စွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မင်းထင်ကိုကိုကြီး စျာပနကို ရေဝေးမှာပဲ ၁၂ နာရီလောက်က ကျန်ရစ်သူမိသားစုရဲ့ ဆန္ဒအရ အကျဉ်းချုံးပြီး ငြိမ်သက်စွာ၊ တိတ်ဆိတ်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ သူ့မိတ်ဆွေ ကဗျာဆရာအနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်” လို့ သစ္စာနီက ရေးသားမျှဝေထားပါတယ်။
မင်းထင်ကိုကိုကြီးဟာ ၂၀၁၂ ခုနှစ်မှာ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကိုလည်း ဦးဆောင်ကျင်းပခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်စီမံကိန်းမှာလည်း ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး အစောဆုံး ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ခဲ့ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကွယ်လွန်ချိန်မှာ မယ်မင်းထင် ဆိုတဲ့ သမီးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Thit Sar Ni


