၂ ဇွန် ၂၀၂၆ | New Day Myanmar
လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတဲ့ သတင်းကို ၎င်းရဲ့တူဖြစ်သူ ဒါရိုက်တာ ကိုပေါက်က လူမှုကွန်ရက်ကတစ်ဆင့် အတည်ပြု အသိပေးထားပါတယ်။
“ကိုကြီးပြောတော့ မသေကြေးဆို၊ အခုရေးနေတဲ့ ဇာတ်ညွှန်းကို ဖတ်ပေးဦးမယ်ဆိုပြီး အခုတော့ ခွဲခွာသွားပြီ” လို့ ကိုပေါက်က ရေးသားထားပြီး မိသားစုဝင်တွေနဲ့ ပြန်လည်မဆုံတွေ့လိုက်ရဘဲ ကွယ်လွန်သွားရတဲ့အတွက် အထူးဝမ်းနည်းရကြောင်းလည်း ဖော်ပြထားပါတယ်။
မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အသည်းကင်ဆာရောဂါ ခံစားနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို စီစဉ်ကျင်းပနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေကို ရိုက်ကူးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်စီမံကိန်းမှာလည်း အစောပိုင်း ဒါရိုက်တာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းထင်ကိုကိုကြီးဟာ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲ ပါဝင်ခဲ့ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကွယ်လွန်ချိန်မှာ မယ်မင်းထင်ဆိုတဲ့ သမီးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။


