၂၅ မေ ၂၀၂၆ | New Day Myanmar
Justice For Myanmar (JFM) က တိုင်ကြားခဲ့ပြီးနောက် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ Mytel နဲ့ ၎င်းရဲ့ အရောင်းကိုယ်စားလှယ်တွေ၊ MECtel အရောင်းကိုယ်စားလှယ်တွေ ပိုင်ဆိုင်တဲ့ စာမျက်နှာတွေ၊ ပရိုဖိုင်အကောင့်တွေ၊ ဂရုတွေ အပါအဝင် MRTV နဲ့ MWD ရဲ့ စစ်ကော်မရှင်ဝါဒဖြန့် အကြောင်းအရာတွေ ဖြန့်ဝေနေတဲ့ အကောင့် စုစုပေါင်း ၁၀၉ ခုကို ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
အဆိုပါ အရေးယူဆောင်ရွက်မှုဟာ Meta က ၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေကို ပိတ်ပင်ထားတဲ့ မူဝါဒအရ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Mytel နဲ့ MECtel တို့ဟာ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ အစိတ်အပိုင်း ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။
MEC ကိုတော့ အီးယူ၊ ယူကေ၊ အမေရိကန်၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
Justice For Myanmar ကတော့ Mytel နဲ့ MECtel တို့ဟာ စစ်ကော်မရှင်အတွက် ဝင်ငွေရှာဖွေပေးနေသလို ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေမှာလည်း အသုံးပြုခံနေရပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့ ထောက်ပြထားပါတယ်။
Facebook ဟာ အရင်ကလည်း Mytel နဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အကောင့်တွေကို အကြိမ်ကြိမ် ဖယ်ရှားခဲ့ဖူးပေမယ့် အဲဒီလုပ်ငန်းတွေဟာ နာမည်အမျိုးမျိုးပြောင်းပြီး ထပ်မံပေါ်ပေါက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဝါဒဖြန့်ချိရေး ချန်နယ်တွေကို အခြား လူမှုမီဒီယာပလက်ဖောင်းတွေကလည်း ဖယ်ရှားထားတာကြောင့် တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းနဲ့ သတင်းမှား၊ အမုန်းစကား ဖြန့်ဝေနိုင်စွမ်းတွေ လျော့နည်းလာခဲ့တယ်လို့ Justice For Myanmar က ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင် MRTV ကို Twitch နဲ့ Kick တို့က ဖယ်ရှားခဲ့သလို MWD ကိုလည်း TikTok က ဖယ်ရှားခဲ့ပါတယ်။
ဒါပေမဲ့ Justice For Myanmar ကတော့ မြန်မာစစ်ကော်မရှင်ရဲ့ အွန်လိုင်းတည်ရှိမှုကို အပြီးသတ်ကန့်သတ်နိုင်ဖို့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Alphabet ၊ Apple ၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း မြန်မာစစ်ကော်မရှင်နဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မိမိတို့ပလက်ဖောင်းတွေကနေ ပိတ်ပင်တားဆီးပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။


