Homeပြည်တွင်းသတင်းစီမံချက်အရ မှတ်ပုံတင်ထုတ်ပေးရာမှာ ငွေကြေးတောင်းခံတာမျိုးရှိရင် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ ပွဲစားတွေကတဆင့် လုပ်ဆောင်နေရတာမျိုးတွေ ရှိနေသေးဟု ဆို

စီမံချက်အရ မှတ်ပုံတင်ထုတ်ပေးရာမှာ ငွေကြေးတောင်းခံတာမျိုးရှိရင် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ ပွဲစားတွေကတဆင့် လုပ်ဆောင်နေရတာမျိုးတွေ ရှိနေသေးဟု ဆို

၂၁ မေ ၂၀၂၆ | New Day Myanmar

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ဆွဲတာ၊ ရက်ချိန်းတွေ ခဏခဏပေးတာ၊ ဆက်ဆံရေးမပြေပြစ်တာနဲ့ ငွေကြေးတောင်းခံတာမျိုးတွေရှိရင် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာတော့ ပွဲစားတွေကတဆင့် လုပ်ဆောင်နေရတာမျိုးတွေ ရှိနေသေးတယ်လို့ ရန်ကုန်နေ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပြည်သူအချို့ကတော့ ပွဲစားနဲ့လုပ်ရင် ငွေပိုပေးရပေမဲ့ အလုပ်မြန်နေတာဟာ ဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလားဆိုပြီး ဝေဖန်မှုတွေရှိနေပေမဲ့ ဝန်ကြီးဌာနဘက်ကတော့ ပွဲစားတွေနဲ့ ပတ်သက်နေတဲ့ ဝန်ထမ်းတွေကိုလည်း ထိရောက်စွာ အရေးယူနေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့သွားတာ အကြိမ်ကြိမ်ပဲ။ ကျွန်မတို့က သွေးနှောဖြစ်နေလို့တဲ့ စောင့်ခိုင်းတာ လနဲ့ချီနေပြီ။ အလုပ်လုပ်ဖို့ မှတ်ပုံတင်လိုလို့ သွားလုပ်တာပါ။ တွေ့ရသလောက်တော့ ရုံးကဝန်ထမ်းလိုလို ပွဲစားလိုလို လူတွေ ရှိသေးတယ်။ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ သူတို့ပဲ လိုက်လုပ်ပေးနေတာ။ ငွေပေးလုပ်နိုင်သူက ထိုင်စောင့်နေရုံပဲ။ ရုံးကခေါ်မှ လာခေါ်လို့ တချက်လိုက်သွားတာ။ လဝကရုံးက ဘယ်သူက ဘယ်သူမှန်းမသိအောင် ရှုပ်နေတာ” လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ လဝကရုံးတွေမှာ ကုန်ကျစရိတ်နဲ့ ကြာမြင့်ချိန်တွေကို ဗီနိုင်းတွေနဲ့ ပွင့်လင်းမြင်သာအောင် ပြသထားတာကြောင့် ဝန်ထမ်းတွေဘက်က လုပ်ထုံးလုပ်နည်းကျော်လွန်တာမျိုးရှိရင် အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အွန်လိုင်းပေါ်မှာ အထောက်အထားမခိုင်လုံဘဲ သတင်းမှားတွေ ရေးသားဖြန့်ဝေတာမျိုး လုပ်ဆောင်ရင်တော့ တည်ဆဲဥပဒေအတိုင်း အရေးယူသွားမယ်လို့ သတိပေးထားကြောင်း သိရပါတယ်။

အဲ့ဒီလို တိုင်ကြားနိုင်ဖို့အတွက် နိုင်ငံသားဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၀၄၅ သို့ ဆက်သွယ်နိုင်သလို၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ရဲ့ Short Code “1111” ကို SMS ပို့ပြီးတော့လည်း အသိပေးတိုင်ကြားနိုင်ကြောင်း သိရပါတယ်။

“1111 ကို မက်ဆေ့ပို့ပြီး တိုင်တယ်။ အခုအထိ ဘာမှအကြောင်းမပြန်လာသေးဘူး။ တိုင်လည်း ချက်ချင်းဆောင်ရွက်ပေးနိုင်တာက အရမ်းအားနည်းတယ်” လို့ နောက်ထပ် ရန်ကုန်နေပြည်သူတစ်ဦးက ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး