Homeပြည်တွင်းသတင်းမြန်မာပြည်သူ ၄ ဦးမှာ ၁ ဦး ငတ်မွတ်မှုဒဏ် ရင်ဆိုင်နေရဟု WFP သတိပေး၊ EU က ယူရို...

မြန်မာပြည်သူ ၄ ဦးမှာ ၁ ဦး ငတ်မွတ်မှုဒဏ် ရင်ဆိုင်နေရဟု WFP သတိပေး၊ EU က ယူရို ၈ သန်း ထောက်ပံ့

၁၈ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးတွေ အဆမတန် တက်လာတာကြောင့် လူ ၄ ယောက်မှာ ၁ ယောက်နှုန်း၊ ပြည်သူ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီနေ့ မေ ၁၈ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

စက်သုံးဆီဈေးဟာ ၃ ဆအထိ မြင့်တက်သွားခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း ပျမ်းမျှ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းမှာတော့ ၃၈ ရာခိုင်နှုန်းအထိ အမြင့်ဆုံးတက်နေပြီး ကရင်နဲ့ ရခိုင်ဒေသတွေမှာလည်း ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

လူဦးရေ ၃ ဒဿမ ၇ သန်းဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို ဝင်ငွေနည်းပါးတဲ့ မိသားစုတွေဟာ အခြေခံစားသောက်ကုန်တွေကိုတောင် မဝယ်နိုင်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါအပြင် စိုက်ပျိုးရေးမြေဩဇာဈေးနှုန်း မြင့်တက်လာတာကြောင့် တောင်သူတွေ အသုံးလျှော့ချနေရပြီး လာမယ့်နှစ်မှာ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခြေအနေကြောင့် ၂၀၂၇ ခုနှစ်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

ဒီအကျပ်အတည်းကို တုံ့ပြန်နိုင်ဖို့ ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်း ထောက်ပံ့လိုက်ပြီး WFP ကတစ်ဆင့် အရေးပေါ်ရိက္ခာအကူအညီနဲ့ မိခင်၊ ကလေး အာဟာရအစီအစဉ်တွေမှာ အသုံးပြုသွားမယ်လို့ အသိပေးထားပါတယ်။

ပြည်တွင်းပဋိပက္ခတွေအပြင် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုတွေဟာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝအပေါ် တိုက်ရိုက် ရိုက်ခတ်လာနေပြီလို့ WFP က ထောက်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး