၁၂ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်လိုက်တာကို ကန့်ကွက်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ကို ထပ်မံအလုပ်ထုတ်လိုက်တာကြောင့် လက်ရှိမှာ အလုပ်ထုတ်ခံရသူ စုစုပေါင်း ၁၂၀ ကျော်အထိ ရှိလာပြီလို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်နေ့မှာ စက်ရုံဘက်က “အော်ဒါနည်းတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်း ၁၉ ဦးကို အင်အားလျှော့ချခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ထုတ်ခံရသူ ၁၉ ဦးလုံးဟာ အလုပ်သမားသမဂ္ဂ EC အဖွဲ့ဝင်တွေနဲ့ ဘဏ္ဍာရေးမှူးတွေ ဖြစ်နေတဲ့အတွက် သမဂ္ဂဖြိုခွဲဖို့ ရည်ရွယ်ချက်ရှိတယ်လို့ အလုပ်သမားတွေဘက်က စွပ်စွဲထားပါတယ်။
အဲဒီနောက် မေ ၁၀ ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် ၁၉ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၀၃ ဦးက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် စက်ရုံဘက်က ညှိနှိုင်းဆွေးနွေးတာ မလုပ်ဘဲ တောင်းဆိုခဲ့တဲ့ အလုပ်သမား ၁၀၃ ဦးလုံးကို မေ ၁၂ ရက်နေ့ကစပြီး စက်ရုံဝင်းထဲ ဝင်ခွင့်မပြုတော့ဘူးလို့ ပြောဆိုကာ ထပ်မံအလုပ်ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေကတော့ ဒီလုပ်ရပ်ဟာ ILO ရဲ့ အသင်းအပင်းလွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုင်ရာ Convention 87 ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိ HR နဲ့ Admin မန်နေဂျာဟာ အရင်က အလုပ်သမားလှုပ်ရှားသူတစ်ဦး ဖြစ်ခဲ့ပေမယ့် အခုအခါ သမဂ္ဂတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုထားပါတယ်။
STUM ကတော့ စက်ရုံမှာ ချုပ်လုပ်နေတဲ့ နိုင်ငံတကာ Brand တွေဆီ တိုင်ကြားသွားဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ Terranova, LC Waikiki, Defacto, Sky Fashion, Calliope, GEMO, Pimkie နဲ့ Only စတဲ့ နာမည်ကြီး Brand တွေအတွက် ချုပ်လုပ်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်နဲ့ အလုပ်အကိုင် ပြန်လည်ရရှိဖို့ ဆက်လက်ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။


