Homeအထူးသတင်းတရုတ် သူလျှိုအဖြစ် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်မြို့တော်ဝန် ရာထူးကနုတ်ထွက်

တရုတ် သူလျှိုအဖြစ် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်မြို့တော်ဝန် ရာထူးကနုတ်ထွက်

၁၂ မေ ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Arcadia မြို့ရဲ့ မြို့တော်ဝန် အိုင်လင်းဝမ်ဟာ တရုတ်အစိုးရအတွက် သူလျှိုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း အပြစ်ဝန်ခံဖို့ သဘောတူလိုက်ပြီး မြို့တော်ဝန်ရာထူးကနေလည်း နုတ်ထွက်သွားတယ်လို့ အမေရိကန်အာဏာပိုင်တွေက မေလ ၁၂ ရက်မှာ ပြောပါတယ်။

အသက် ၅၈ နှစ်ရှိ အိုင်လင်းဝမ်ကို “နိုင်ငံခြားအစိုးရတစ်ရပ်အတွက် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှု” နဲ့ ဧပြီလအတွင်း တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စွဲချက်တွေအရ သူမဟာ တရုတ်အစိုးရအရာရှိတွေရဲ့ ညွှန်ကြားချက်အတိုင်း ဘေဂျင်းအစိုးရအတွက် အကျိုးရှိစေမယ့် ဆောင်းပါးတွေ ဖြန့်ဝေခဲ့ပြီး အမေရိကန်အစိုးရထံ ဥပဒေအရ လိုအပ်တဲ့ ကြိုတင်အသိပေးမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

အိုင်လင်းဝမ်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ Arcadia မြို့ကောင်စီဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး မြို့တော်ဝန်ရာထူးကို အလှည့်ကျ တာဝန်ယူခဲ့တာပါ။

Arcadia မြို့အုပ်ချုပ်ရေးမှူး ဒိုမီနစ် လာဇာရက်တိုကတော့ ဒီကိစ္စဟာ မြို့အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်ဘဲ ဝမ်ရဲ့ ကိုယ်ရေးကိုယ်တာ လုပ်ရပ်တွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

ဖက်ဒရယ်အာဏာပိုင်တွေရဲ့ အဆိုအရ ဝမ်ဟာ အပြစ်ဝန်ခံဖို့ သဘောတူထားပြီး အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဝမ်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဂျေဆန် လျန်နဲ့ ဘရိုင်ယန် ဆန်းတို့ကတော့ ဝမ်ဟာ “အတိတ်က ကိုယ်ရေးကိုယ်တာ အမှားတွေ” အတွက် တာဝန်ယူတာဖြစ်တယ်လို့ ပြောပါတယ်။

စွဲချက်စာချုပ်အရ ဝမ်နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ယောင်နင်းဆန်း (Mike Sun) တို့ဟာ ၂၀၂၀ နှစ်ကုန်ကနေ ၂၀၂၂ အထိ တရုတ်အစိုးရအရာရှိတွေအတွက် လုပ်ဆောင်ခဲ့ပြီး အမေရိကန်အတွင်း တရုတ်လိုလားတဲ့ ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုက်ခ်ဆန်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလားတူစွဲချက်ကို အပြစ်ဝန်ခံခဲ့ပြီး လက်ရှိမှာ ထောင်ဒဏ် ၄ နှစ် ကျခံနေရပါတယ်။ သူဟာ ဝမ်ရဲ့ ၂၀၂၂ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဘဏ္ဍာရေးတာဝန်ခံလည်း ဖြစ်ခဲ့ပါတယ်။

ဝမ်နဲ့ ဆန်းတို့ဟာ “U.S. News Center” ဆိုတဲ့ တရုတ်အမေရိကန်အသိုင်းအဝိုင်းကို ရည်ရွယ်ထားတဲ့ သတင်းဝက်ဘ်ဆိုက်ကို ပူးတွဲလုပ်ကိုင်ခဲ့ပြီး တရုတ်အစိုးရလိုလားတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လမှာ တရုတ်ကောင်စစ်ဝန်ချုပ်တစ်ဦးက Los Angeles Times မှာ ဖော်ပြခဲ့တဲ့ Uyghur လူမျိုးတွေအပေါ် ဖိနှိပ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ စာတစ်စောင်ကို ဝမ်ထံ ပေးပို့ခဲ့ပြီး ဝမ်က အဲဒီစာကို မိနစ်ပိုင်းအတွင်း သူမရဲ့ ဝက်ဘ်ဆိုက်မှာ ပြန်လည်ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတချို့ကတော့ တရုတ်အစိုးရရဲ့ Uyghur မူဝါဒတွေကို “လူမျိုးတုန်းသတ်ဖြတ်မှု” နဲ့ “လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု” အဖြစ် သတ်မှတ်ထားပါတယ်။

ဝမ်ဟာ တရုတ်အစိုးရအတွက် ကိုယ်စားလှယ်အဖြစ် အပြစ်ဝန်ခံထားတဲ့ John Chen နဲ့လည်း ဆက်သွယ်မှုရှိခဲ့ကြောင်း သိရပါတယ်။

Arcadia မြို့ဟာ Los Angeles မြို့ရဲ့ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်အကွာမှာ တည်ရှိပြီး လူဦးရေ ၅၃,၀၀၀ ခန့်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး