၁၂ မေ ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီးမှာ မေလ ၁၁ ရက် ညနေ ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူဟာ ဒုတပ်ရင်းမှူးအဆင့်ရှိ ထွန်းရာကျော်ဖြစ်ပြီး၊ ၎င်းနဲ့အတူပါလာတဲ့အဖွဲ့ ဈေးဝယ်နေချိန် Honda Fit ကားပေါ်မှာ တစ်ဦးတည်း ကျန်နေခဲ့စဉ် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ခလရ ၁၀၆ တပ်ရင်းမှာ အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ရေးဘီလူးတပ်ရင်းက ဝိဉာဉ်အသွင်ပြောင်းပေးလိုက်တယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာက လမိုင်းမြို့ရဲစခန်းအနီး မီတာ ၁၀၀ အကွာအဝေးမှာဖြစ်တယ်” လို့ ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သေဆုံးသူဟာ မကြာမီ တပ်ရင်းမှူးအဆင့်နဲ့ တပ်ပြောင်းရွှေ့ဖို့ရှိနေသူဖြစ်ပြီး၊ ၎င်းနဲ့အတူပါလာတဲ့ အရေးကြီးပစ္စည်းအချို့ကိုလည်း တော်လှန်ရေးအဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လမိုင်းမြို့အတွင်း စစ်ကော်မရှင်တပ်တွေက လမ်းတွေ ပိတ်ဆို့ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်ဟာ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး နယ်မြေစိုးမိုးရေးအတွက် စစ်ကော်မရှင်တပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ပြင်းထန်လေ့ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ရေးဘီလူး


