၁၁ မေ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) အရ သတင်းအေဂျင်စီလုပ်ငန်း ၃ ခုကို ပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းအေဂျင်စီတွေကတော့ ဦးရဲသွင်ဟိန်းရဲ့ “မြေလတ်အသံ”၊ ဦးဝင်းဇော်နိုင်ရဲ့ “Red News Agency” နဲ့ ဦးဇင်မင်းထက်ရဲ့ “Asia Citizens” သတင်းအေဂျင်စီတို့ ဖြစ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ အဲဒီသတင်းအေဂျင်စီတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ” ရေးသားဖော်ပြခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီအတွက် ထုတ်ပေးထားတဲ့ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်တွေကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နဲ့ ငြိစွန်းတယ်လို့ သံသယရှိတဲ့ ထုတ်ဝေစာတွေကို စစ်ဆေးပြီး ငြိစွန်းကြောင်း တွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းတာ ဒါမှမဟုတ် ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီသတင်းအေဂျင်စီတွေအနေနဲ့ မီဒီယာအမျိုးအစားတစ်ခုခု ဒါမှမဟုတ် နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီး ရေးသားထုတ်လွှင့်ဖော်ပြခြင်း မပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်တိုက်ရှိနေပြီး သတင်းဌာနပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာနဲ့ လိုင်စင်ရုပ်သိမ်းတာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။


