” ပထမနေ့ ဧပြီ ၁၀ ရက်က ချင်းမိုင်မှာ မူးမောင်းမှုအများဆုံးဖြစ်
၁၁ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံရဲ့ ဆုန်ကရန် ပိတ်ရက် လမ်းအန္တရာယ်ကင်းရှင်းရေး အထူးကြပ်မတ်တဲ့ ပထမနေ့ဖြစ်တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ချင်းမိုင်ဟာ မူးယစ်ပြီး မောင်းနှင်မှု အများဆုံးဖြစ်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ထားတာ တွေ့ရှိရတဲ့ ယာဉ်မောင်း ၄၃၆ ဦးကို တရားရုံးက ခံဝန်ကတိနဲ့ စောင့်ကြည့်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်လို့ ပြစ်မှုစောင့်ကြည့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Piya Raksakul က ပြောပါတယ်။
ဆုန်ကရန်ကာလ အန္တရာယ်ရှိသော ၇ ရက် ရဲ့ ပထမနေ့မှာပဲ အခုလို အရေးယူမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လမ်းအန္တရာယ် လျှော့ချနိုင်ဖို့အတွက် အာဏာပိုင်တွေက အသိပညာပေးမှုတွေနဲ့ ဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တဲ့ အမှုပေါင်း ၄၃၆ မှုထဲမှာ အရက်သောက်ပြီး မောင်းနှင်မှု ၃၅၃ မှု (၈၁ ရာခိုင်နှုန်း) အထိ ပါဝင်ခဲ့ပါတယ်။ ချင်းမိုင် က ၇၄ မှုနဲ့ အများဆုံးဖြစ်ပြီး စမွန်ပရာကန်က ၅၄ မှုနဲ့ ဘန်ကောက်က ၄၃ မှုတို့နဲ့ လိုက်နေပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်မှု ၈၀ မှု (၁၈.၃ ရာခိုင်နှုန်း) နဲ့ ပေါ့ဆစွာ မောင်းနှင်မှု ၃ မှုလည်း ပါဝင်ပါတယ်လို့ ပြောပါတယ်။
အစိုးရက ဆုန်ကရန် ကာလယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် စစ်ဆေးရေးဂိတ်တွေကို အဆမတန် တိုးမြှင့်ထားပြီး ထိန်းချုပ်မှုတွေကို ပိုမို တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်။
ပုံစာ – ဧပြီ ၁၀ ရက်နေ့က ချင်းမိုင်မြို့ ကျုံပတ်လမ်းတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေစဉ်
ဓါတ်ပုံ – New Day Myanmar


