၃၀ မတ် ၂၀၂၆ ၊ New Day Myanmar
စုံ/မ သတ်မှတ်ပြီး ယာဉ်မောင်းနှင်တဲ့စနစ်ကို ဖျက်သိမ်းဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို အဲ့ဒီသတ်မှတ်ချက်ကို ဧပြီ ၁ ရက်နေ့မှာ ဖျက်သိမ်းနိုင်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ခုကနေ စုံစမ်းသိရှိရပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ စုံ/မ ရက်အလိုက် စက်သုံးဆီ ရောင်းချပေးနေသလို ယာဉ်တစ်စီး ရမယ့် ကိုယ်တာအတွက်ပါ ရောင်းချပေးနေတာတွေ ရှိတာကြောင့် အဲ့ဒီစနစ်ကို ဖျက်သိမ်းသင့်တယ်လို့ ရန်ကုန်နေ ပြည်သူအချို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။
“သင်္ကြန်လည်း နီးလာသလို စက်သုံးဆီကို QR စနစ်နဲ့ လုပ်ထားတော့ ထည့်ပြီးသားကားက မရဘူးလေ။ လာတန်းစီလည်း မောရုံပဲ ရှိတာပေါ့။ အဲတော့ ဒီစနစ်က ဖျက်သိမ်းသင့်တာပေါ့။ မြန်မာပြည်မှာက တစ်ခုခုဆို သတင်းက ပျံ့လွယ်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်” လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ယာဉ်စုံ/မ ထွက်ရက် သတ်မှတ်ချက်ကို မတ်လ ၇ ရက်က စတင် အရေးယူနေတာဖြစ်ပြီး နောက်ထပ် ထုတ်ပြန်ချက် မရှိမချင်း ဆက်လက် အတည်ဖြစ်မယ်လို့ စစ်ကော်မရှင်က အသိပေးထားပြီး စည်းကမ်းဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။
“အခုက စနစ်တကျ စောင့်ကြည့်တာမျိုးလည်း မဟုတ်တော့ ထွက်တဲ့ကားတွေ အများကြီး၊ ယာဉ်ထိန်းရှိနိုင်မယ့် လမ်းကြောင်းတွေ မသွားဘဲ ရှောင်မောင်းနေကြတာတွေ အများကြီး။ မိလို့ ဒဏ်ရိုက်လဲ ဒဏ်ငွေလောက်နဲ့တော့ အကြောင်းအမျိုးမျိုး ပြပြီး သွားနေကြတာပဲ” လို့ တက္ကစီယာဉ်မောင်းတစ်ဦးက သူနေ့စဉ် ကြုံတွေ့ခဲ့တာကို ရှင်းပြပါတယ်။
ရန်ကုန်မှာ ၄ နာရီခြား အုပ်စုနှစ်ခု ခွဲပြီး လျှပ်စစ်ပေးဝေနေပေမယ့် အချို့မြို့နယ်တွေမှာ လျှပ်စစ်မီး မလာတာကြောင့် CNG သုံး တက္ကစီယာဉ်နဲ့ EV ယာဉ်တွေ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရတာမျိုးတွေ ကြုံနေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – New Day Myanmar


