Homeပြည်တွင်းသတင်းကရင်နီ ပြည်ထောင်စုလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ စစ်သားတွေ ကြားဖြတ်တိုက်ခံရလို့ ၇ ဦးသေဆုံးပြီး တပ်ဆုတ်ပြေး

ကရင်နီ ပြည်ထောင်စုလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ စစ်သားတွေ ကြားဖြတ်တိုက်ခံရလို့ ၇ ဦးသေဆုံးပြီး တပ်ဆုတ်ပြေး

၂၀ မတ် ၂၀၂၆ | New Day Myanmar

ကရင်နီပြည်နယ်မှာ ပြည်ထောင်စုလမ်းပိုင်းကို လုံခြုံရေးယူနေတဲ့ စစ်သားတွေ ကြားဖြတ်တိုက်ခံရပြီး ၇ ဦးသေဆုံးကာ ဆုတ်ပြေးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ထားလဲ–နန်းဖဲ လမ်းပိုင်းကို စစ်ကြောင်းထိုးပြီး လမ်းလုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်တွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“စစ်ကော်မရှင်တပ်ဘက်က (၇) ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း မိမိတို့ဘက်က လိုက်လံချေမှုန်းခဲ့ရာ စစ်ကော်မရှင်တပ်တွေ ဖရိုဖရဲဖြစ်ကာ ဆုတ်ခွာသွားခဲ့ပြီး လက်နက် (၅) လက်နဲ့ ခဲယမ်းပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာလည်း နန်းဖဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကာ လက်နက်ငယ် (၁) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

KNDF ဘက်က ထုတ်ပြန်ချက်အရ စစ်ကော်မရှင်ရဲ့ ကြွေးကြော်ချက်တွေဟာ တဖက်သတ်ဆန်ပြီး မြေပြင်မှာတော့ စစ်ကြောင်းတွေ ချေမှုန်းခံရတာ၊ ယာဉ်တန်းတွေ တိုက်ခိုက်ဖျက်ဆီးခံရတာတွေ ဖြစ်ပွားနေပြီး မြေပြင်တပ်သားတွေထဲမှာလည်း ထိခိုက်သေဆုံးမှုတွေ များပြားနေတယ်လို့ သိရပါတယ်။

“သူတို့လမ်းကို ထိန်းဖို့ဆိုတာ လွယ်ကူတာမဟုတ်ပါဘူး။ ကျွန်တော်တို့က လက်ရှိမှာ တော်လှန်ရေးတပ်တွေအနေနဲ့ ခုခံကာကွယ်ရေးစစ်ကို လုပ်နေပါတယ်။ အဲ့ဒီလိုလုပ်နေတဲ့အချိန် လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်လာမှာပါ” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်ကော်မရှင်တပ်တွေ ပိတ်ဆို့ထားတာကြောင့် လူနာကုသမှုနဲ့ ကုန်စည်ရောင်းဝယ်မှုတွေမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး ပြည်သူ့အကျိုးစီးပွားတွေ ထိခိုက်နစ်နာနေပါတယ်။

ဓာတ်ပုံ – KNDF

ပုံစာ – မတ်လ ၁၇ ရက်က ပြည်ထောင်စုလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ စစ်သားတွေထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်များ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး