Homeပြည်တွင်းသတင်းဒီးမော့ဆိုအရှေ့ခြမ်းမှာ မိုးသီးရွာမှု ဖြစ်ပွား

ဒီးမော့ဆိုအရှေ့ခြမ်းမှာ မိုးသီးရွာမှု ဖြစ်ပွား

၁၅ မတ်လ ၂၀၂၆ | New Day Myanmar

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဒေသတွေမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသီးရွာမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုနှစ်အတွင်း မိုးသီးရွာတာဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယနေ့မှာတော့ မိနစ် ၂၀ ခန့်ကြာ မိုးသီးရွာသွန်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဒီအပတ်ထဲမှာ မိုးသီးကျတာ ခနခနရှိတယ်။ ဒီနေ့ကျတာတော့ တော်တော်များတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ခနလောက်ပဲကျတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတစ်ဦးကတော့ နွေရာသီအတွင်း မိုးသီးကျခြင်းနဲ့ မိုးသက်လေပြင်းများခြင်းတွေဟာ မုန်တိုင်းကြောင့်မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မှာ ဘိန်းခင်းတွေ ပျက်တာရှိတယ်။ မြူနဲ့ နှင်းတွေလည်း အများကြီးကျတယ်။ နွေရာသီစကတည်းက မိုးအချိန်မဟုတ်ဘဲ မိုးရွာတာတွေ ရှိတယ်။ အခုဆို မိုးရွာတာက မိုးရာသီလိုပဲ တော်တော်များများရွာနေတယ်” လို့ ၎င်းက ပြောပါတယ်။

ထို့အပြင် ရေကန်တွေဟာလည်း ယခင်နှစ်တွေထက် စောစောခမ်းနိုင်တဲ့ လက္ခဏာတွေ ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

ဒေသအတွင်း ရာသီဥတုပြောင်းလဲလာတာဟာ စစ်ရှောင်တွေ တိုးလာတာကြောင့် နေရာထိုင်ခင်းတိုးချဲ့မှု၊ သစ်တောခုတ်ထွင်မှုများလာတာနဲ့ တောမီးရှို့မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဒေသတချို့မှာ နေရာထိုင်ခင်းတိုးချဲ့ရာမှာ သစ်တောခုတ်ထွင်မှုနဲ့ လောင်စာအတွက် သစ်အသုံးပြုမှုတွေ လျော့နည်းစေဖို့ ကန့်သတ်မှုတွေ ချမှတ်ထားတယ်လို့ သိရပါတယ်။

ပုံစာ – ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတစ်နေရာတွင် မိုးသီးရွာသွန်းနေသည့် မြင်ကွင်း။

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး