၁၀ မတ်လ ၂၀၂၆ | New Day Myanmar
ဇာတ်သဘင်အဖွဲ့အစည်းတွေအနေနဲ့ ဇာတ်ကပြဖို့ ခရီးထွက်မယ်ဆိုရင် ထွက်ခွာမယ့်ရက်၊ ပြန်လာမယ့်ရက်အပါအဝင် အချက်အလက် ၆ ချက်ကို ကြိုတင်သတင်းပို့တင်ပြပြီးမှသာ ကခွင့်ရမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက မတ်လ ၉ ရက်မှာ အသိပေးထားပါတယ်။
အသိပေးချက်အရ ဇာတ်သဘင်အဖွဲ့တွေက ဇာတ်ကပြခရီးစဉ်အတွက် အောက်ပါအချက်အလက်တွေကို တင်ပြရမှာဖြစ်ပါတယ်။
တင်ပြရမယ့်အချက်တွေမှာ တည်ထောင်ခွင့်မိတ္တူ၊ လူဦးရေစာရင်းမိတ္တူ၊ အသုံးပြုမယ့် မော်တော်ယာဉ်အမှတ်၊ သွားရောက်မယ့်မြို့၊ ထွက်ခွာမယ့်ရက်နဲ့ ပြန်လာမယ့်ရက်၊ ပြန်လာမယ့် ခရီးစဉ်လမ်းကြောင်း စတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီစည်းကမ်းချက်ဟာ မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဇာတ်တည်ထောင်သူအဖွဲ့တွေ၊ သဘင်အနုပညာရှင်တွေ အားလုံးအတွက် အကျုံးဝင်တယ်လို့လည်း အသိပေးထားပါတယ်။
ထို့အပြင် ခရီးစဉ်အတွက် တင်ပြလာတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က စိစစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတင်ပြကာ ခွင့်ပြုသွားမယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်


