၃ မတ် ၂၀၂၆၊ New Day Myanmar
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက KTV တစ်ခုမှာရဲဘော်ခြင်း လေဒီလုရာက ၇၉ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ KNDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဒီးဘောင်းခူမြို့နယ်အတွင်းက မယ်လိုဒီ KTV ဆိုင်မှာ တော်လှန်ရေးရဲဘော်ခြင်း လေဒီလုရာက ၇၉ သေနတ်််နဲ့ပစ်ခတ်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။
“KTV သွားနေတဲ့ ဘယ်ကရဲဘော်တွေမှန်းမသိ အချင်းချင်း စကားများပြီး ၇၉ သီး သုံးချက်ထုတာ၊ ဆိုင်ရဲ့ဆိုင်းဘုတ်ကို ရိုက်ချိုးပြီး ကားမောင်းပြေးသွားတယ်”လို့ ၎င်းက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် သေဆုံး၊ ထိခိုက်သူမရှိဘူးလို့ ကနဦးသိရပြီး မယ်လိုဒီ KTVဆိုင်ရှိ အိမ်သာအနီး မိလ္လာကျွင်းအပေါ်ကို တစ်လုံးကျကာ ကျန်နှစ်လုံးကတော့ တောထဲကျရောက်ခဲ့တယ်လို့ New Day Myanmar ကသိရပါတယ်။
အထက်ပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကရင်နီအခြေစိုက် သတင်းမီဒီယာတခုမှာတော့ စစ်ကောင်စီအခြေစိုက် ဖယ်ခုံနဲ့ မိုးဗြဲတပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်ခဲ့တာနဲ့ ၇၉ သီးပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး KTV အနီးနေသူတစ်ဦးက “လေဒီလုကြ မူးရူးပြီး ၇၉ သီး ထုတဲ့ရဲဘော်တွေ သက်ဆိုင်ရာ လူကြီး အရေးယူပေးပါ။ မယ်လိုဒီနား တစ်ဝိုက် လူထုနေတာ မနည်းဘူး။ လူထုအိမ်ဘက်ထိမိရင် ဘယ်လိုတာဝန်ယူမလဲ”လို့ လူမှုကွန်ရက်ပေါ်မှာ မေးခွန်းထုတ်ထားပါတယ်။
လက်ရှိမှာတော့ ဘယ်တပ်ဖွဲ့က ရဲဘော်တွေပြုလုပ်တယ်ဆိုတာ မသိရသေးသလို အရေးယူခံထာရခြင်းရှိမရှိကို New Day Myanmar က အတည်မပြုနိုင်သေးပါဘူး။
ဓါတ်ပုံ – ပေးပို့
ပုံစာ – ဒီးမော့ဆို အနောက်ခြမ်း၊ချယ်ရီကုန်းစျေးအနီးရှိ KTVဆိုင်တစ်ခုအား တွေ့ရစဉ်။ (အခင်းဖြစ်ပွားရာ မယ်လိုဒီ KTVဆိုင်မဟုတ်ကြောင်း အသိပေးအပ်ပါသည်)


