၂၂ ဖေဖော်ဝါရီ ၂၀၂၆
ONE ပွဲစဉ်တွေမှာ ရိုးရာလက်ဝှေ့ကစားသမားတွေကို စေလွှတ်ရာမှာ အကျိုးဆောင်ဖြိုးဝေဆိုသူက စိတ်တိုင်းကျ ခေါ်ယူယှဉ်ပြိုင်စေတာမျိုး မလုပ်ဘဲ ပြည်နယ်လက်ဝှေ့အသင်းနဲ့ ညှိနှိုင်းပြီးမှသာ စေလွှတ်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
အဲ့ဒီတောင်းဆိုချက်ကို ဖေဖော်ဝါရီ ၁၆ ရက် ရက်စွဲနဲ့ ကရင်ပြည်နယ်လက်ဝှေ့အသင်းက မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆီ တင်ပြထားတာ ဖြစ်ပါတယ်။
တောင်းဆိုစာထဲမှာ ONE Friday Fights ပွဲစဉ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပရိတ်သတ်တွေ စောင့်ကြည့်နေကြတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာရိုးရာလက်ဝှေ့ကစားသမားတွေကို စေလွှတ်ယှဉ်ပြိုင်စေရာမှာ အရည်အသွေး မပြည့်မီတဲ့ ကစားသမားတွေကို လက်ဝှေ့အကျိုးဆောင်က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ခေါ်ယူယှဉ်ပြိုင်စေခဲ့တာကြောင့် အရှက်တကွဲ ရှုံးနိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် လက်ဝှေ့အကျိုးဆောင်ဘက်က ယှဉ်ပြိုင်ခွင့် တောင်းခံလာတဲ့ ကရင်ပြည်နယ်အတွင်းရှိ ကစားသမားတွေကို ပြည်နယ်လက်ဝှေ့အသင်းအနေနဲ့ ယှဉ်ပြိုင်ရန် သင့်မသင့်၊ အရည်အချင်း ပြည့်မီမှုရှိမရှိ စိစစ်ပြီးမှသာ ခွင့်ပြုပေးဖို့ ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ ONE Friday Fights 143 ပွဲစဉ်အတွင်း ရိုးရာလက်ဝှေ့ကစားသမား လှိုင်းထက်အောင်နဲ့ ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်တို့ ယှဉ်ပြိုင်ခဲ့ရာ လက်ရည်ခြင်း မမျှတဘဲ မြန်မာဘက်က ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်အတွင်း လှိုင်းထက်အောင် ပြိုင်ဘက်ရဲ့ လှိမ်ဖျက်မှုတွေကို ခံနေရတဲ့အပေါ် ပွဲကြေညာသူက ရီမောကာ ကြေညာခဲ့တာကြောင့် မြန်မာ့လက်ဝှေ့ပရိတ်သတ်တွေကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။


