၂၁ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ CDM လုပ်ထားသူတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် မလုပ်ပေးဘဲ ပြန်လွှတ်နေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေထံကနေ သိရပါတယ်။
CI စာအုပ် လျှောက်ထားသူတွေထဲမှာ CDM လုပ်ထားသူတွေ ပါဝင်လာတာကြောင့် မြန်မာသံရုံးဘက်က သီးသန့်ခေါ်ယူမေးမြန်းပြီး စာအုပ်မလုပ်ပေးဘဲ ပြန်လွှတ်နေတာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“CI လာလုပ်တဲ့သူတွေထဲမှာ CDM တွေပါလာတယ်။ မြန်မာသံရုံးက သီးသန့်ခေါ်ပြီး ဘယ်ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့လဲဆိုတာ မေးတယ်။ နောက်တော့ Blacklist ပါနေတယ်ဆိုပြီး CI စာအုပ်မလုပ်ပေးဘဲ ပြန်လွှတ်တယ်။ လက်ဗွေ၊ မျက်လုံး scan ဖတ်ရင် CDM ဆိုတာ ပေါ်တယ်လို့ ပြောတယ်။ CI မရှိရင်တော့ နယ်ကျော်သွားလာလို့ မရတော့ဘူး” လို့ သူက ဆိုပါတယ်။
ဒီလ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ မြို့တွေမှာ CI စင်တာတွေ ဖွင့်လှစ်ကာ မြန်မာလုပ်သားတွေကို CI စာအုပ် ထုတ်ပေးနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် CDM လုပ်သားအချို့ဟာ CI စာအုပ်လုပ်ဖို့ ပွဲစားကို ငွေကြိုပေးထားပြီးသားဖြစ်တာကြောင့် စာအုပ်မရဘဲ ငွေတစ်ဝက်တောင် ပြန်မရတဲ့အခြေအနေတွေ ကြုံတွေ့နေရပြီး ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ တစ်သောင်းနီးပါး ပေးထားရတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားသံအရာရှိရုံးဘက်ကတော့ CI စာအုပ် ပြုလုပ်ဖို့အတွက် တရားဝင်ကျသင့်ငွေဟာ ထိုင်းဘတ် ၂,၆၇၀ သာဖြစ်ပြီး CI လုပ်လိုသူတွေ အနေနဲ့ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ စာအုပ်ဖိုးကို အရင်ပေးသွင်းပြီး ငွေသွင်းချိန်မှာပဲ မိမိလုပ်လိုတဲ့ စင်တာနဲ့ ရက်စွဲကို ရွေးချယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
သို့သော် လက်တွေ့အခြေအနေမှာတော့ CI စာအုပ် လုပ်ပေးမယ်ဆိုပြီး ပွဲစားတွေက ထိုင်းဘတ်ငွေ သောင်းနဲ့ချီ တောင်းခံနေတာတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
ဒီနှစ်အတွင်း CI စာအုပ် အသစ်လဲလှယ်မယ့်သူတွေ၊ သက်တမ်းတိုးမယ့် အလုပ်သမားအရေအတွက်ဟာ သုံးသိန်းဝန်းကျင်အထိ ရှိနိုင်ပြီး စာအုပ်အသစ် လျှောက်ထားမယ့်သူတွေကလည်း သိန်းဂဏန်းရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီအထဲမှာ CDM လုပ်သားတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်


