Homeပြည်တွင်းသတင်းအမေ့လျော့ခံ ဓားစန်းရီ ရဲ့ နောက်ဆုံးခရီး

အမေ့လျော့ခံ ဓားစန်းရီ ရဲ့ နောက်ဆုံးခရီး

၁၄ ဖေဖော်ဝါရီ ၂၀၂၆

၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှုနဲ့ ဆက်စပ်ပြီး မြောက်ကိုရီးယားသူလျိုတစ်ဦးကို ပုဇွန်တောင်ချောင်းအတွင်း သတ္တိရှိရှိ သတ်ပုတ်ဖမ်းဆီးပေးခဲ့သူအဖြစ် လူသိများခဲ့တဲ့ ဒေါ်စန်းရီ (ခ) ဓားစန်းရီ ရဲ့ နောက်ဆုံးဈာပနပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ရုပ်ကလပ်ကို ရွှေပြည်သာမြို့နယ် ကျူချောင်သုဿန် အအေးတိုက်ကနေ ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ ကျူချောင်သုဿန်မှာပဲ သဂြိုဟ်ပြီးစီးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ ဈာပနပွဲဟာ လူထုအကြားစိတ်ဝင်စားမှုမြင့်တက်နေပေမယ့် သူမသက်ရှိထင်ရှားရှိစဉ်က စွမ်းစွမ်းတမံကြိုးစားပေးခဲ့တဲ့အပေါ် အစိုးရအဆက်ဆက်တစ်စုံတရာ အသိအမှတ်ပြုခံရတာမျိုးမရှိဘဲ၊ ပလပ်စတစ်လောင်းမထားတဲ့ ဂုဏ်ပြုမှတ်တမ်း‌တစ်ခုနဲ့ ‌အမေ့လျော့ခံဘဝကနေ တိတ်တဆိတ် သဂြိုဟ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

ဒေါ်စန်းရီ (ခ) ဓားစန်းရီရဲ့ ရက်လည်ဆွမ်းကျွေးကိုတော့ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက်၊ မေယုတိုးချဲ့၊ အနော်ရထာလမ်း၊ အိမ်အမှတ် (၈/၀၀၇) နေအိမ်မှာ အကျဉ်းချုံး ကျင်းပပြီး တရားနာ ဆွမ်းကပ်သွားမယ်လို့ သိရပါတယ်။

သူမဟာ သက်ရှိထင်ရှားရှိစဉ်အတွင်း ရန်ကုန်မြို့ လှည်းတန်းတဝှက်မှာ ကားကျိုကားကြားတွေထဲ တောင်းရမ်းစားသောက်ရတဲ့အထိ ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းခဲ့ရပြီး ဆင်းရဲပင်ပန်းမှုတွေကြားထဲကပဲ ဘဝတလျောက် ရပ်တည်လာခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်စန်းရီ (ခ) ဓားစန်းရီဟာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းမှာ အသက်အရွယ်ကြီးရောဂါတွေ ခံစားနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်ရှိပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး