ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့က ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်သူ သားက အဆောင်နေကျောင်းသူတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီကနေသိရပါတယ်။
အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ ကျောင်းဟာ သစ်တောရပ်ကွက်က အောင်မြေသစ် ကိုယ်ပိုင်အထက်တန်း ကျောင်းဖြစ်ပြီး၊ ကျူးလွန်ခံရသူမိန်းကလေးဟာ အသက် ၁၉ နှစ်အရွယ် Grade 12 တက်ရောက်နေတဲ့ ကျောင်းသူတဦးဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အသက်၂၉ နှစ်အရွယ် ဇာနည်သွေးဆိုသူဖြစ်ပြီး၊ အဲဒီကျောင်းမှာ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်း ဆရာမလည်း အလုပ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
“သူမိန်းမကလည်း အဲ့ဒီကျောင်းမှာ ဘာသာပြဆရာမ တယောက်ပါ။ စာမေးပွဲတွေက နီးလာပြီ၊ အခုလိုဖြစ်တော့ မိဘတွေလည်း ရင်ကျိုးတာပေါ့။ ခေတ်ပျက်ကြီးထဲ သားသမီးတွေကို ဂရုပိုစိုက်နိုင်မယ်ထင်တဲ့ ကျောင်းထားမှဘဲ ဖြစ်ရတော့တယ်။ တောင်ကြီးမှာက ဒီကျောင်းက နာမည်ကြီးတဲ့ကျောင်းထဲပါတယ်”လို့တောင်ကြီးမြို့ ဒေသခံတဦးက ဆိုပါတယ်။
ဖြစ်စဉ်အတွက် ကျောင်းဘက်က ဖုံးဖိထားကြပေမယ့် နောက်ဆုံးမှာ သတင်းပေါက်ကြားသွာတာကြောင့် ပြစ်မှူကျုးလွန်တဲ့ ဇာနည်သွေးဆိုသူကို နယ်မြေ ရဲစခန်းက (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
ဒီ ဖြစ်စဉ်ဟာ ဇန်နဝါရီလ ၁၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ကျူးလွန်ခံရတဲ့ ကျောင်းသူဟာ ခေါင်းကိုက်တာကြောင့် အတန်းပိုင်ဆရာမဆီခွင့်တောင်းပြီး အဆောင်မှာနားနေခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နေ့လည် ၁ နာရီအချိန်မှာ ပြစ်မှုကျူးလွန်သူရောက်ရှိလာပြီး အရင်ကရည်းစားမရှိဘူးလားလို့ မေးမြန်းပြီး သူမရဲ့ဖွယ်မရာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တယ်လီဂရမ်မှာတွေ့တယ်လို့ပြောဆိုပြီး ဖျက်ချင်ရင် သိန်း ၂၀ ပေးရမယ် ခြိမ်းခြောက်ပြောဆိုတဲ့အပြင် သူမကိုပါ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


