စစ်ကော်မရှင်ပိုင် Mytel နဲ့ ဆက်စပ်နေတဲ့စာမျက်နှာတွေ Group တွေ နှင့် အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook က ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ Justice For Myanmar ရဲ့အသိပေးချက်အရ သိရပါတယ်။
ဒါဟာ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်ရဲ အွန်လိုင်းတည် ရှိမှုအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာစေတယ်လို့လည်း ဆိုပါတယ်။
Facebook လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီ Meta က Mytel ကို ၂၀၂၁ ခုနှစ်အတွင်းက Facebook ကနေ ဖယ်ရှားခဲ့ပြီးဖြစ်ပေမယ့်လည်း Mytel ကုမ္ပဏီဟာ စာမျက်နှာသစ်တွေဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင် ရှားခဲ့သလို၊ တစ်ဖက်တွင်လည်း မိုင်တဲလ်ကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင်တွေရဲ့အကောင့်တွေဟာအခုအချိန်အထိဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် Justice For Myanmar ဟာ ဖြုတ်ချခဲ့ပြီးဖြစ်တဲ့ MRTV Friday Night Live Show စာမျက်နှာနဲ့အတူ အဆိုပါစာမျက်နှာတွေကို အခုသီတင်းပတ်အတွင်း Facebook ဆီကို ထပ်မံသတင်းပို့တိုင်ကြားခဲ့တာကြောင့် အခုလိုထပ်မံဖြုတ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
မိုင်တဲလ် အမည်နဲ့ လုပ်ကိုင်နေတဲ့ Tele -com International Myanmar ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနဲ့ မြန်မာခရိုနီတွေရဲ့ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီဟာ မြန်မာစစ်တပ်ဆီကိုအခွန်ဝင်ငွေတွေနဲ့ နည်းပညာတွေ ပေး အပ်နေပြီး၊ စောင့်ကြည့်ထောက်လှမ်းတာနဲ့ သတင်းအချက်အလက် စိစစ်ဖြတ်တောက်တာတွေကိုကူညီပံ့ပိုးပေးနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။
Mytel ရဲ့ အမြတ်ငွေခန့်မှန်းချက်အရ မြန်မာစစ်တပ်ဟာ Mytel လုပ်ငန်းလည် ပတ်မှု ၅နှစ်ကနေ ၉နှစ်အတွင်း ၎င်းတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာသန်း ၂၇၀အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ နောက်ပိုင်း ၅နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာသန်း ၄၅၀ ထပ်မံရရှိနိုင်ခဲ့တာကို Justice For Myanmar တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်တဲလ်ရဲ့ အပ်ပလီကေးရှင်းတွေကို
Google Play Store နှင့် Apple App Store တို့မှာ လက်ခံပေးထားတဲ့ Alphabet နဲ့ Apple တို့အပါအဝင် အခြားနည်းပညာကုမ္ပဏီတွေအနေနဲ့ မိုင်တဲလ်အပေါ် ပိတ်ပင်အရေးယူမှုဆောင် ရွက်ကြရန် Justice For Myanmar က တောင်းဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – Justice For Myanmar


