ယခု ၂၀၂၅ခုနှစ်အတွက် Right Liveli hood Award ဆုကို Justice For Myanmar အဖွဲ့ရရှိခဲ့ပါတယ်။
အဲ့ဒီဆုဟာ နိုဘယ်ဆုအပြီး ဒုတိယဂုဏ် သိက္ခာအကြီးမားဆုံးဆုအဖြစ် လူသိများပြီး ၊ တရားမျှတငြိမ်းချမ်းပြီး၊ ရေရှည်တည်တံ့တဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ကြိုးပမ်းနေကြတဲ့ အပြောင်းအလဲဖော် ဆောင်သူတွေကိုဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။
Right Livelihood Award အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတော့ဟုမ်းမြို့တော်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၊
ဂရီတာသွန်းဘတ်ဂ်က ကိုယ်စားပြု ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
“စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ချိန်ကစပြီး ငါးနှစ်နီးပါးတိုင်အောင် မြဲမြံကြံ့ခိုင်တဲ့ ခွန်အား၊ ဂုဏ် သိက္ခာ၊ ပေးဆပ်အနစ်နာခံမှုတွေနဲ့ စစ်အုပ်စုကို ဆန့်ကျင်ရပ်တည်ခဲ့ကြတဲ့ သတ္တိပြောင်မြောက်လှတဲ့ မြန်မာပြည်သူ
တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို လက်ခံရယူပါတယ်။ ဒီဆုကို မြန်မာပြည်သူ တို့ပိုင်ဆိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် သူမက “ဒီဆုဟာ အာဏာရှင်ကင်းစင်တဲ့အနာဂတ်တစ်ခုကို တည် ဆောက်နိုင်ဖို့အတွက် မြဲမြံတဲ့စိတ်ပိုင်း ဖြတ်မှုနဲ့ ဖီဆန်ချီတက်နေကြတဲ့လူငယ်များ၊ ဆယ်စုနှစ်ချီကြာ ဖိနှိပ်မှုများကြားကပင် တရားမျှတမှုကို ဆက် လက်ကြိုး ပမ်းရှာဖွေနေကြသူများ၊ အမှန်တရားကို ဖော်ထုတ်ဖို့ အရာရာစွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ သတင်းပေးဖွင့်အန်ကြသူများ၊ စစ် တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများ ကင်း လွတ်စွာနဲ့ အများသူငှာ အသက်ရှင်နေနိုင်ရေးအတွက် မိမိတို့အသက်ဘဝများကို စတေးခဲ့ကြသူများ နဲ့ အားလုံးသောပြည်သူများအတွက် ငြိမ်းချမ်းရေးနဲ့တရားမျှတမှုကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ မရေမတွက်နိုင်သော ပြည်သူအပေါင်းတို့အတွက် ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဂုဏ်ပြုမိန့်ခွန်းမှာ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့လည်း စစ်တပ်နဲ့ သူတို့ရဲ့ခရိုနီတွေဆီက မိမိတို့ငွေကြေးတွေကို ပြန်လည်ထုတ်ယူကြဖို့ တောင်းဆိုထားတဲ့အပြင် ကြံရာပါပတ်သက်မှုကို အဆုံးသတ်ကြဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးအတွက် ငွေကြေးထောက်ပံ့မှုတွေ မပြုလုပ်ကြဖို့ တောင်းဆိုထားပါတယ်။
“ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်။”လို့ ဂရီတာသွန်းဘတ်ဂ်က မိန့်ခွန်းအပြီး ပြောကြားထားပါတယ်။


