ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အ ကျဉ်းကျခံနေရတဲ့ အလွတ်တန်းသတင်း ထောက် မထက်ထက်ခိုင်နဲ့ ရန်ကုန် အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ သ တင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
“ပြန်လွတ်လာပါပြီဗျ၊ ကျန်းမာရေးလည်းကောင်းပါတယ်။”လို့ သတင်းစာ ဆရာဦးစည်သူအောင်မြင့်နဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
သူတို့နှစ်ဦးကို စစ်ကော်မရှင်က ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် အတူဖမ်းဆီးအကျဉ်းချခဲ့တာဖြစ်ပြီး မထက်ထက်ခိုင်ကို ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ လ ၁၅ ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့ ရန်ကုန် တိုင်း၊ ဗဟန်းမြို့နယ်တရားရုံးက ထောင် ဒဏ်သုံးနှစ်ချမှတ်သလိုပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေ တစ်သောင်းချမှတ်ခံထားရတာဖြစ်ပါတယ်။
အလားတူဘဲ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စက်တင်ဘလ ၂၇ ရက်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေတစ်သောင်းကို ချမှတ်ခဲ့တာပါ။
အဲဒါအပြင် ဦးစည်သူအောင်မြင့်ကို ရာ ဇသတ်ကြီး ပုဒ်မ -၁၂၄ (က)နဲ့အင်းစိန် ထောင်တွင်း အထူးတရားရုံးက ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှာထောင်ခုနစ်နှစ်ထပ်မံ ချမှတ်ခဲ့ပါတယ်။
၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပုဒ်မ ၅၀၅ – (က)ဖြင့် နှစ်မှုခွဲ၍ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည့်အတွက် ဦးစည်သူအောင်မြင့်ဟာ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရပြီး အင်းစိန်အကျဉ်း ထောင်မှာ အကျဉ်းကျခံနေတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ကမြန်မာနိုင်ငံတဝန်း ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံထားရသူ၊ အမှုဖွင့်တရားစွဲခံ ထားသူ လူပေါင်း ၉၀၀၀ နီးပါးခန့်အထဲကနေ အချို့ကိုအမှုပိတ်ပြီး အချို့ကို လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပါတယ်။


