ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာရှိတဲ့ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်တွကဝင်ရောက်စီးနင်းရာမှာ ဆိုဖာတွေအတွင်း ဝှက်ထားတဲ့ မက်သာဖက်သမင်း ဆေးပြား ၁၀ သန်းခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းအာဏာပိုင်တွေက အဲဒီဂို ဒေါင်ကိုဝင်စစ်ဆေးရာမှာ ဆိုဖာအသစ် ၃၄ လုံးအတွင်းမှာ ဝှက်ထားတဲ့ မက်သာဖက်သမင်းဆေးပြား ၁၀ သန်းကို သိမ်း ဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၂၂ နှစ်ကနေ အသက် ၃၅ နှစ်ကြား အမျိုး သား ၄ ဦးကိုလည်း ဖမ်းဆီးရမိပြီး ဝင်ရောက်မစီးနင်းမီ ဂိုဒေါင်ကို သုံးလကျော်ကြာစောင့်ကြည်ခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသော အမျိုးသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းမေးမြန်းရာမှာ ချင်းရိုင်မြို့ကဟိုတယ်တစ်ခုမှာ ငှားရမ်းနေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်က Phrae ပြည်နယ် Huai Rai စစ်ရေးဂိတ်မှာ ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးအမှုမှာ ဖမ်းဝရမ်းထုတ်ခံထားရသူ ၄ ဦးအနက် ၁ ဦး ဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားနဲ့ အမျိုးသမီးအချို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။


