စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ဝေဖန်တဲ့ Post တခုအပေါ် Love React ပေးခဲ့တဲ့ဒါရိုက်တာ အောင်ချမ်းလူကို မနေ့ကအောက်တိုဘာ ၂၉ ရက်ညပိုင်းမှာ ထပ်မံဖမ်းဆီးခံရတယ်လို့ သူနဲ့နီးစပ်တဲ့ ဒါရိုက် တာအသိုင်းအဝိုင်းက သိရပါတယ်။
သူဟာ”ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” နဲ့ ပတ်သက်လို ပြည်ပကိုရောက် ရှိနေတဲ့အဆိုတော်ရန်ရန်ချမ်း ရေးသားထားတဲ့ လူမှုကွန်ရက်ပို့စ်ကို Love React ပေးခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“ဒါက ဗျာ စစ်တပ်ကကောင်တွေကအကြောက်တရားကြီးစိုးနေတာကိုတွေ့ရတာပေါ့၊ အာဆီယံမှာလည်းသူတို့ကို ပလစ်ထားတော့ မဲတာပေါ့။ ဘာ့ကြောင့် ဒီလိုလုပ်လဲပြောရလဲဆိုရင်သူတို့ကိုယ်တိုင်က ကြောက်နေတာ။ ထရမ့်နဲ တရုတ်တွေ့တဲ့ကိစ္စမှာလည်း သူတို့အ တွက် တရုတ်က ဘယ်လိုပြန်ကိုင်မလဲဆိုတာကြောက်နေပုံရတယ်။ ဒါက ကိုယ့်အမြင်ပါ။ ဒီရွေးကောက်ပွဲပြီးတာနဲ့ သူတို့ထွက်ပေါက်ထက် ပြဿနာတွေပိုရှင်းရဖို့ များလာပြီလေ”လို့ အမည်မဖော်လိုတဲ့ ဒါရိုက်တာတဦးက New Day Myanmar ကိုပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း စစ်တပ်ရဲ့ ဝါဒဖြန့် “ခေတ်သ မိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက် ပွဲဆိုင်ရာ ဝါဒဖြန့်ဇာတ်လမ်းကို လူမှုကွန်ရက်ကနေ ဝေဖန်တယ်လို့စွပ်စွဲပြီး ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ) ကျော်မင်းထွဋ်နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒါကြောင့် စစ်အုပ်စု ဖမ်းဆီးတဲ့ အနုပညာသမား စုစုပေါင်း ၄ ဦးအထိရှိလာပြီဖြစ်ပြီး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံကလည်း ဒါနဲ့ပတ်သက်လို့ အနုပညာရှင်တွေ မတက်မနေရ အစည်းအဝေးကိုခေါ်ယူထားပါတယ်။
ဒါပေမယ့် အနုပညာရှင်တွေအပေါ်ဘယ်လို ဖိအားပေးနေတယ်ဆိုတာကို New Day Myanmar က စုံစမ်းနေဆဲဖြစ်ပါတယ်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဝါဒဖြန့်ဇာတ်လမ်းကို ရိုက်ကူးသူဟာ စစ်တပ်အရာရှိဟောင်း တင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးပြီး ဇာတ်ညွှန်း ကို လင်္ကာညို (ခ) တေဇာကျော် (ခ) ဒက်ကလောက် (ချစ်ဦးညိုရဲ့သား)ရေးသားပေးခဲ့တာဖြစ်တယ်လို့ New Day Myanmar စုံစမ်းသိရှိရပြီး ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းရိုက်ကူးတဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် ၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး တို့ကို Boycott & Social punishment လုပ်ဖို့ လူထုကို တိုက်တွန်းနေတာမျိုးတွေရှိနေပါတယ်။


