မြန်မာနိုင်ငံတဝန်းမှာ လူငယ်လေးပုံတပုံ၊ ခန့်မှန်းခြေ ၄ သန်းနီးပါး ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အထူးသဖြင့် ကယားပြည်နယ်လို ပဋိပက္ခဒေသတွေမှာ လူငယ်တဝက်ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတာကြောင့် စိန်ခေါ်မှု ပိုပြီး ကြီးမားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးငယ်တွေဟာ အမျိုးသားတွေထက် လုပ်အကိုင်ဈေးကွက်က နှစ်ဆကျော်နှုန်းဖြင့် ဖယ်ကျဉ်ခံနေရပြီး၊ အခက်အခဲတွေ ပိုမိုရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်တဲ့ အစီရင်ခံစာကို “အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ်” လို့ နာမည်ပေးထားပြီးတနိုင်ငံလုံးက လူငယ် ၇၀၀၀ ကျော်ရဲ့ ကိုမေးမြန်းပြီး ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
အစီရင်ခံစာ ရဲ့ဖေါ်ပြချက်တွေအရ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်အများစုဟာ လယ်ယာလုပ်ငန်းဒါမှမဟုတ် ကျပန်းအလုပ်တွေ လုပ်ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ်၄ ဦးမှာ ၃ ဦးနှုန်း ဟာ ပညာသင်ကြားနိုင်ခြင်း ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားနိုင်တာ မရှိဘူးလို့ အစီရင်ခံစာကဆိုပါတယ်။
ဒီအခြေအနေဟာ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ မျိုးဆက်တခုလုံးစာအတွက် လွတ်လပ်စွာရပ်တည်နိုင်ရေးနဲ့ အခွင့်အလမ်းများရရှိနိုင်ရေးတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ သက်ရောက်နိုင်တယ်လို့ (UNDP) က သတိပေးထားပါတယ်။
ပုံစာ – မြန်မာပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားစဉ် ဖမ်းဆီးခံရပုံ


