မန္တလေးတိုင်း၊ မိုးကုတ်မြို့က နာမည်ကြီး သူဌေးဦး ယောဆက်ရဲ့ ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဥ်ကို သမီးဖြစ်သူ ဂျူလီယာဆက်က မနေ့စက်တင်ဘာ ၂၀ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်စာ မျက်နှာကနေတဆင့် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
သူမရဲ့ပြောဆိုချက်မှာ ဖခင်ဖြစ်သူ ဦးယောဆက်ဟာ အိမ်တွင်းအကြမ်းဖက်နှိပ်စက်ပြီး မိခင်ဖြစ်သူကို သွေးထွက်သံ ယိုဖြစ်အောင်၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိလို့ အကြိမ်ကြိမ် ရိုက်နှိက်ဆဲဆို နှိပ်စက်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။
“သမီးတို့ကို တရားဥပဒေ နားလည်တဲ့သူတွေ ရှိရင် ကူညီအကြံပေးကြပါရှင့်နောက်ဆုံး မကူနိုင်ရင်တောင် သမီးတို့ တင်တဲ့ Post တွေကို လူတွေ တွေ့အောင် Share ပေးကြပါရှင့်။ ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရားအနိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့်။ ခံခဲ့ရတာတွေအရမ်းများတာတွေတစ်ခါမှမပြောခဲ့ဘူး။ အခုအစအဆုံးတင်ပါတော့မယ်။လို့ ဂျူလီယာဆက်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ကမျှဝေထားပါတယ်။
သူမထုတ်ဖော်ပြောလာတဲ့အနီးစပ်ဆုံး အိမ်တွင်းအကြမ်းဖက်မှုအရ လွန်ခဲ့တဲ့ ဇူလိုင် ၂၀ရက်နေ့မှာ နှိပ်စက်မှုဒဏ်ကိုမခံနိုင်တဲ့အဆုံး သားအမိသုံးယောက် ထွက်ပြေးခဲ့ပြီး၊ ဖခင်ဖြစ်သူက ပစ္စည်းတွေခိုးပြီးထွက်ပြေးတယ်လို့ စွပ်စွဲထားကာ သူမတို့သားအမိတည်းခိုနေတဲ့ ဟိုတယ်တခုကနေ မိခင်ဖြစ်သူနဲ့သမီးအငယ်ကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့ဆိုထားပါတယ်။
ဖခင်ဖြစ်သူ စွဲဆိုထားတဲ့ အမှုကို သူမတို့ရင်တိုင်ရတော့မှာဖြစ်ပြီး၊ ရဲစခန်းမှာသူမအမှုကိစ္စသွားရှင်းနေစဉ်မှာ မိခင်နဲ့ညီမဖြစ်သူကို ပြန်လည်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“အဖေက အတင်းအဓမ္မအားလုံးယူသွားပါတယ်။ ညီမလေးကိုလဲပြန်ခေါ်သွားပါတယ်။ အခု အမေက အဝတ်တထည် ကိုယ့်တစ်ခု နဲ့ တစ်ပြားတစ်ချပ်မှမရှိပဲ အမှုတွေကို ရင်ဆိုင်ရတော့မှာပါ”လို့ ရင်ဖွင့်ထားပါတယ်။
လီဆူအမျိုးသား ဦးယောဆက်ဟာ
ကျောက်မျက်ရတနာသူဌေးတဦးဖြစ်ပြီးရန်ကုန် ဗဟန်းမြို့နယ်နဲ့ မိုးကုတ်မြို့မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင်ဖြစ်သလို သူဟာ ယခင် ဦးသန်းရွှေ (နဝတ) လက် ထက်မှာ ကျောက်လုပ်ငန်းနဲ့ချမ်းသာလာသူဖြစ်ကာ မြန်မာနိုင်ငံတိုင်းရင်းသားလုပ် ငန်းရှင်များအသင်း(MEEA)ရဲ့ ဥက္ကဌ တာ ဝန်ယူဖူးသူလည်းဖြစ်ပါတယ်။
ဒီဖြစ်စဉ်အတွက် New Day Myanmar က အကြောင်းချင်းရာအစုံကို သိရှိဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဂျူလီယာဆက်ကိုလည်း ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
လတ်တလော ဦးယောဆက်ဟာ အသက် ၆၈ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Julia Sett/ UMFCCI


