Homeပြည်တွင်းသတင်းရိုးမဘဏ်ဥက္ကဋ္ဌကို စစ်ကောင်စီက နေပြည်တော်မှာထိန်းသိမ်းထားကြောင်း သတင်းထွက်ပေါ်

ရိုးမဘဏ်ဥက္ကဋ္ဌကို စစ်ကောင်စီက နေပြည်တော်မှာထိန်းသိမ်းထားကြောင်း သတင်းထွက်ပေါ်

၁၉ ဇူလိုင်၊ ၂၀၂၄

ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ရိုးမလုပ်ငန်းစုနဲ့ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်ကောင်စီက နေပြည်တော်မှာ ဇွန်လ ၃ ရက်ကတည်းကခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီသတင်းဟာ စင်ကာပူမှာရှိတဲ့ Yoma Strategic Holdings Ltd က ထွက်ပေါ်လာတာ ဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ ရိုးမလုပ်ငန်းစုကတော့တရားဝင်ကြေညာထားတာမျိုးမရှိသေးပါဘူး။

ထိုင်းနိုင်ငံ ကွန်ဒိုရောင်းဝယ်မှုတွေကို ရိုးမဘဏ်ကတစ်ဆင့်ငွေပေးချေတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက ဦးသိမ်းဝေကို ဇွန်လ ၃ ရက်မှာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၁ ရက်မှာ ရိုးမဘဏ်ကို တခြား ဘဏ် ၆ ခုနဲ့အတူ အိမ်ယာချေးငွေကို အများအပြားထုတ်ချေးထားမှုနဲ့ပတ်သက်ပြီးစစ်ဆေးသွားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဇူလိုင်လ ၁၀ ရက်မှာတော့ ဦးသိမ်းဝေနဲ့ ရိုးမဘဏ်ဒါရိုက်တာတွေကို ငွေကြေးခဝါချမှုနဲ့ပတ်သတ်ပြီး ထိန်းသိမ်းထားတယ်လို့ မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

ဒီသတင်းအပေါ် ရိုးမဘဏ်နဲ့ ရိုးမလုပ်ငန်းစုတို့က နာရီပိုင်းအတွင်း ပြန်လည်ငြင်းဆိုချက်ထုတ်ခဲ့ပေမဲ့ ဦးသိမ်းဝေထိန်းသိမ်းခံထားရတဲ့သတင်းကိုတော့ မဟုတ်မှန်ကြောင်း ဖြေရှင်းချက်မထုတ်ထားတာ တွေ့ရှိရပါတယ်။

ရိုးမဘဏ် အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို CEO Melvyn Pun နဲ့ အဓိကကျတဲ့ စီမံခန့်ခွဲရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းဌာန အကြီးအကဲတွေက စီမံအုပ်ချုပ်နေတဲ့အတွက် ရိုးမလုပ်ငန်းစုတစ်ခုလုံးရဲ့ ဘဏ္ဍာရေးလည်ပတ်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ ဦးသိမ်းဝေခေါ် Serge Pun ဟာ ဆက်သွယ်ရေးကိရိယာတွေကို အကန့်အသတ်မဲ့သုံးခွင့်မရသေးသလို စစ်ကောင်စီ မေးမြန်းစုံစမ်းမှုပြီးတဲ့အထိထိန်းသိမ်းခံထားရမှာဖြစ်ကာ တရားစွဲဆိုခြင်းမျိုးတော့မရှိကြောင်း ထွက်ပေါ်နေတဲ့သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ- ရိုးမဘဏ်

Related News

Most Read