စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူမှု အပတ်စဉ် ၁၅ ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ ဇူလိုင် ၁၄ ရက်က ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီလကစပြီး စစ်ကောင်စီဟာ စစ်မှုထမ်း သင်တန်းအပတ်စဉ်တွေကို လစဉ်ဆက်တိုက် ပြုလုပ်နေပြီး အပတ်စဉ်တခုကို သင်တန်းသား ၅ ထောင်ဝန်းကျင် ခေါ်ယူထားတာဖြစ်ပါတယ်။
ဒါကြောင့် အပတ်စဉ် ၁၅ အထိရောက်လာတဲ့ အခါ စစ်ကောင်စီဟာ ၁၅ လတာကာလအတွင်း တပ်သားသစ် ၇၅၀၀၀ အထိ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
စုဆောင်းထားတဲ့ တပ်သားသစ်တွေထဲက သင်တန်းနဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့တွေဆီ ခိုလှုံမှုတွေရှိပေမယ့် ပမာဏ အနည်းငယ်သာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအား စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရပ်ကွက် ကျေးရွာတွေမှာ စစ်မှုထမ်းစာရင်း ကောက်ယူလျက်ရှိသလို စစ်မှုမထမ်းလိုပါက ငွေပေးပြီး လူစားထည့်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။


