ဘယ်လာရုစ်အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေအတွက် စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကိုလေ့ကျင့်ပေးနေသလိုလေကြောင်းကာ ကွယ်ရေးစနစ်တွေကို ရောင်းချပေးနေပေးနေတယ်လို့ ဒီကနေ့ ဇွန်၂၈ ရက်မှာ Justice For Myanmar ရဲ့သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လာပါတယ်။
အဲ့ဒီသုတေသန အစီရင်ခံစာမှာ ဘယ်လာရုစ်အစိုးရဟာ မြန်မာစစ်အုပ်စုအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့လေ ကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ရောင်းချထောက်ပံ့နေတာ၊ စစ်အုပ်စုရဲ့ စစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်တွေက စစ်ဘက်တိုင်ရာဝန်ထမ်းတွေကိုဘယ်လာရုစ်တက္ကသိုလ်တွေမှာလေ့ကျင့်သင်ကြားပေးနေတာအပြင် ဘယ်လာရုစ်အစိုးရနဲ့ မြန်မာစစ်အုပ်စုအကြားအရေးပါတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင် ရွက်တဲ့ အထောက်အထားအသစ်တွေကို တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ဘယ်လာရုစ် အာဏာပိုင်တွေအကြား ပေးစာမှာ မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနဲ့ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေ၊ အဆင့်မြင့် စစ်ဘက်နည်းပညာတွေ လွှဲပြောင်းရောင်းချတာတွေကို အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT)ကနေတဆင့် ရောင်းချထောက်ပံ့ခဲ့တာဖြစ်ပြီး၊ အဲ့ဒီစနစ်မှာ တော်လှန်ရေးအင်အားစုတွေအသုံးပြုတဲ့ ဒရုန်းတွေ၊ ဝေဟင်မှာရှိတဲ့ အရာဝတ္ထုတွေကို ရှာဖွေနိုင်ပြီး၊ ပစ်မှတ်အား အလိုအလျောက် ခြေရာခံလိုက်နိုင်တဲ့အလိုအလျောက် ထိန်းချုပ်စနစ်နဲ့ သုံးဘက်မြင် ရေဒါနည်းပညာတွေပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်နီယာပညာရပ်တွေကို သုတေသနတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီမှာတက်ရောက်နေတဲ့ စစ်ဘက်ဆိုင် ရာ ဝန်ထမ်းတွေဟာ နေပြည်တော်မှာရှိတဲ့ အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ မန္တလေးမှာရှိတဲ့ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းက အရေးပါတဲ့ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံတွေနဲ့ဆက်နွှယ်နေသူတွေဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ လေတပ်ဟာစစ်ရာဇဝတ်မှု ဥပဒေအရ အရေးယူခံရတာတွေကနေ ကင်းလွတ်နေပြီး အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ဆေးရုံဆေးခန်းတွေအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပြီး၊ အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်တာတွေ ရှိနေတယ် ဆိုပါတယ်။
လက်ရှိမှာ ဘယ်လာရုစ်အစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ပြီး၊ နှစ်နိုင်ငံကြားကိုယ်စားလှယ် အရာရှိကြီးတွေရဲ့အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေဟာလည်း ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွင်းမှာဘဲ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ မြို့တော်မင့်ဇ်ကို နှစ်ကြိမ်သွားရောက်ထားပြီး အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး၊ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေနဲ့ဘယ်လာရုစ်ရဲ့ပါ၀င်ပတ်သက်မှုကို တိုးမြင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘယ်လာရုစ်နိုင်ငံနဲ့ စစ်လက်နက်ကုန် သွယ်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာစစ်လက်နက်ပွဲစားတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာတွေချမှတ်ပေးဖို့ ၊ မြန်မာစစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေလေ့ကျင့်သင်ကြား ပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ Justice For Myanmar က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဘယ်လာရုစ်နိုင်ငံမှာ ဘယ်လာရုစ်သမ္မတနဲ့ တွေ့ဆုံနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်
ဓါတ်ပုံ – President of the Republic of Belarus


