စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိတဲ့ ကလေးငယ် ၂ ဦးထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ဒဏ်ရာရနေသူတွေထဲက အသက် ၈ နှစ်အရွယ် G – 2 ကျောင်းသား မောင်ဇေယျာ က မေ ၁၃ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့သူ အသက် ၁၁ နှစ်အရွယ် G-3 ကျောင်းသူ မပြည့်ပြည့်ငြိမ်း ဒီနေ့မေလ ၁၄ ရက်မနက်ပိုင်းက ကွယ်လွန်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။
စစ်တပ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲ ကျောင်းသား ၂၀ ဦး နဲ့ ဆရာ ၂ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။