Homeပြည်တွင်းသတင်းကလေးမြို့တောင်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်ပေါင်း ၁၀၀၀ ကျော်ဗုံးကျဲခဲ့

ကလေးမြို့တောင်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်ပေါင်း ၁၀၀၀ ကျော်ဗုံးကျဲခဲ့

၁၆ ဧပြီ၊၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်းရှိ ပျူစခန်းတွေ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်လုပ်ဆောင်ခဲ့ကြောင်းနဲ့ တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၁၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ CDF – KKG ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်းနှင့်အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် CDF-KKG Major Operation စတင်ဖော်ဆောင်ခဲ့ကာ ကလေးနဲ့ ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက် စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း CDF-KKG Major Operation တခုလုံးကို ချင်း အမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း ကလေး နဲ့ ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းတွေအနက် အခိုင်မာဆုံးနဲ့ အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်တဲ့ ကမ်းပါးနီစခန်းကိုလည်းကောင်း၊ထို့နောက် ဖေဖော်ဝါ ရီ ၁၅ အထိ ကလေးတောင်ပိုင်းရှိ မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ် ကောင်စီ အခြေကုပ် စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ကမ်းပါးနီစခန်းသိမ်း တိုက်ပွဲတွင် မဟာမိတ်တပ်များအနေနဲ့ CNA ၊ CDF-Hakha ၊ CDF Thangtlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang ၊ နဂါးညီနောင် အစရှိသည်တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မှန်တော၊ အောင်သာယာ (အရှေ့၊ အ နောက်) ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုတွင်PDF Vakok, RKDF တို့က နယ်မြေ ရှင်းလင်းရေး၊ ထိန်းချုပ်ရေး၊ ခုခံကာကွယ်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ တိုက်ပွဲတွေနဲ့ တကွ စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှု စုစု ပေါင်း ၁၉ ကြိမ်မှာ တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်နဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနဲ့ Y12၊ Y8 အစရှိတဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက် မှုပေါင်း အကြိမ် ၁,၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦနဲ့ ပြည်သူ့နေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင်တိမ်းရှောင်ခဲ့ကြရပြီး တချို့တဝက်ကျော်မှာ ယခုတိုင် တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ပြည်သူ စုစုပေါင်း အယောက် ၄၀ ကျော်ခန့် ရှိခဲ့ကြောင်းနဲ့ ဧပြီလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင်ပျူစောထီးစိုးတဲ့ ကြံသာရွာကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်း မတိုင်မီတွင်ပင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စခန်းသိမ်း တိုက်ခိုက်ပွဲအတွင်း မဟာမိတ်အင်အားများအနေနဲ့ CNA ၊ CDF-Thangtlang ၊ CDF CDM-Siyin ၊ ABSDF ၊ ဟံသာဝတီ ပကဖ ၊ MCR ၊ PDF Vakok ၊ ကလေးတောင်ပိုင်း တော် လှန်ရေး အင်အားစုအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေ အတွင်း ABSDF မှ တပ်စုမှူး ရဲဘော် မြအောင်(ခ) လင်ကွန်း အပါအဝင် ၂ ဦး ကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ABSDF ကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – CDF – KKG

ဆက်စပ် သတင်းများ

Most read