၁၈ မတ်၊ ၂၀၂၅
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ (Julie Bishop)ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံးစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်တွေကို အများပြည်သူကို အသိပေးချပြဖို့ အရပ်ဖက် အဖွဲ့အစည်း ၂၉၀ က လက်မှတ်ရေးထိုး အိပ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA) အနေနဲ့လည်း အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အမြန်ဆုံးရပ်တန့်ဖို့နဲ့မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်ရိုက်ဦးစီးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ကုလအထူးကိုယ်စားလှယ်ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Shenghe Resources နဲ့ China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ဒါမှမဟုတ် အတည်ပြုထားတဲ့ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေ ဆက်နွှယ်နေတယ်လို့စာထဲမှာဖော်ပြထားပါတယ်။
မစ္စ ဂျူလီ ဘိရှော့ (Julie Bishop)ရဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေမှုဟာတရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရှိရမယ့် သမာသမတ်ကျမှုနဲ့ လွတ်လပ်အမှီအခိုကင်းမှုအပေါ် စိုးရိမ်မှုတွေ ဖြစ်စေတယ်လို့ဆိုပါတယ်။
“တရုတ်အစိုးရဟာ မြန်မာစစ်တပ်ကို ထောက်ခံနေတာ ထင်ရှားတယ်။ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်မှုဟာ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေမှာ သိသိသာသာရော မသိမသာပါ ဘက်လိုက်မှုတွေဖြစ်စေနိုင်တယ်။”လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက New Day Myanmar ကိုပြောပါတယ်။
တရုတ်နိုင်ငံဟာ တရားမဝင် မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေနဲ့ မှားယွင်းတဲ့ တရားဝင်မှုကို ပံ့ပိုးပေးနေတဲ့ ထိပ်တန်းအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာစစ်အုပ်စုက မြန်မာပြည်တွေ အပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုများတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို တရုတ်အစိုးရက အားပေးကူညီနေတာ ထင်ရှားတယ်လို့ အိပ်ဖွင့်ပေးစာထဲမှာ ဖော်ပြပါတယ်။
ပုံံံစာ – ၂၀၂၄ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ (Julie Bishop) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့ တွေ့ဆုံခဲ့စဉ်
ဓါတ်ပုံ – Ministry of Foreign Affairs The People’s Republic of China