၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒေါပုံမြို့နယ်မှာ သန်းခေါင်စာရင်းကောက်နေစဉ် ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ ရပ်ကွက်လူကြီးသုံးဦးအနက် ရာအိမ်မှူးသေဆုံးသွားပြီလို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။
သူတို့ဟာ သန်းခေါင်စာရင်းကောက်ခံတာမျိုးမဟုတ်ပဲ စစ်မှုထမ်းစာရင်းလာရောက်ကောက်ခံတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။
“ဓာတ်ဆီလောင်းသွားတဲ့ အိမ်ရှင်ကိုဝောာ့ မဖမ်းမိသေးဘူး။ သူကဆေးကုသမှုခံနေရတုန်း။ ဆေးကုနေရင်းနဲ့ ဆုံးတာ။ သူတို့က သန်းခေါင်စာရင်းကောက်တာမဟုတ်ဘူး။ စစ်မှုထမ်းဖို့စာရင်းလိုက်ကောက်တာ။ အဲဒီမှာ အချေအတင်ဖြစ်ကြတာနေမယ်။ သိတဲ့အတိုင်းပဲလေ။ စစ်မှုထမ်းစာရင်းကလည်း အပေါ်ကကောက်ခိုင်းလို့ပါဆိုပြီး အောက်ကလူကြီးတွေကအသည်းအသန်လိုက်ကောက်နေတာ။ အပေါ်ကနည်းနည်းဆို အောက်ကလူတွေက ပိုကိုပိုလွန်းတာ” လို့ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းရှိနေအိမ်တွေကို မဲစာရင်းအတွက်ဟုဆိုကာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ အမျိုးသမီးတဦးတို့ကို ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဓာတ်ဆီလောင်းမီးရှို့ခဲ့တာဖြစ်ပါတယ်။